ပဲခူး ၁၂ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဧပြီ ၁၁ ရက်နေ့ ညနေ ၃ နာရီက သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ပေါ်ရပ်ကွက်အချို့တွင်  မဟာသင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်(၅)မျိုးအား ပေးအပ်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ပဲခူးမြို့ပေါ်ရှိ ရုံးကြီးရပ်ကွက်၊ လိပ်ပြာကန်ရပ်ကွက်နှင့် ဟံသာဝတီရပ်ကွက်များသို့ သွားရောက်ပြီး ရုံးကြီးရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၃၉)စုကိုလည်းကောင်း၊ လိပ်ပြာကန်ရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၁၂၀)စုကိုလည်းကောင်း၊ ဟံသာဝတီရပ်ကွက်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀)စုကိုလည်းကောင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အခြေခံစားသောက်ကုန် (၅)မျိုးတို့အား သက်ဆိုင်ရာမိသားစုများ၏လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

 

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားမိသားစုတစ်စုလျှင် နိုင်ငံတော်မှ အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြည်သွန်နီ(၁)ပိဿာတို့ကို  ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပဲခူးမြို့နယ်အတွင်း၌ ရပ်ကွက်/ ကျေးရွာအုပ်စု (၁၀၆)အုပ်စုရှိရာ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၇၀၈၈၁)စု၊ လူဦးရေ (၂၈၈၉၇၇)ဦးရှိကြောင်း သိရှိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံလက်လုပ်လက်စားများအား ဧပြီလ(၁၁)ရက်နေ့အထိ ဖြန့်ဝေပေးပြီးမှုအနေဖြင့် ပဲခူးခရိုင်အတွင်း မြို့နယ်(၈)မြို့နယ်ရှိပြီး ပဲခူးမြို့နယ်တွင် ရပ်ကွက်(၃)ခု၊ သနပ်ပင်မြို့နယ်တွင် ရပ်ကွက်(၆)ခု၊ နှင့် ကျေးရွာအုပ်စု(၄)အုပ်စု၊ တောင်ငူခရိုင်အတွင်း မြို့နယ်(၆)မြို့နယ်ရှိပြီး ရေတာရှည်မြို့နယ်တွင်ရပ်ကွက်(၃)ရပ် ကွက်၊ ကျေးရွာအုပ်စု(၂)အုပ်စု၊ ထန်းတပင်မြို့နယ်တွင် ရပ်ကွက်(၂)ခု၊ ပြည်ခရိုင်အတွင်း၌ မြို့နယ်(၆)မြို့နယ်ရှိပြီး ပြည်မြို့တွင် ရပ်ကွက်(၃)ခုတို့အား သက်ဆိုင်ရာအစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများတို့က ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)