ဂန့်ဂေါ ၁၂ ဧပြီ

 

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးအား ဂန့်ဂေါမြို့နယ်၌ ယနေ့တွင် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ ဖြန့်ဝေပြီးဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေရာတွင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၇၇ အုပ်စုရှိ ကျေးရွာ (၁၀၆) ရွာအား ယမန်နေ့က ဖြန့်ဝေနိုင်ကြောင်းနှင့် ကျန်ရှိနေသည့် မြင်သားကျေးရွာ၌ ယနေ့နံနက်တွင် ဖြန့်ဝေထောက်ပံ့ရာ အခြေခံလူတန်းစား အိမ်ထောင်စုအားလုံးထံ အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊ ပဲတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား စုစုပေါင်း အခြေခံစားသောက်ကုန်(၅)မျိုးတို့ကို သက်ဆိုင်ရာ၏ ကြီးကြပ်မှုဖြင့် ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေရာတွင် ကန်ကျေးရွာ၌ "နိုင်ငံတော်အစိုးရ၏ အခြေခံလူတန်းစားများ အတွက် ထောက်ပံ့ပေးသော အခြေခံစားသောက်ကုန် ၅ မျိုးတို့ကို ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၁၃ အိမ်အား ပေးအပ်ရာမှာ ကျေးရွာအတွင်းရှိ စေတနာရှင်တစ်ဦးကလည်း ပုဇွန်ခြောက် (၇)ပိဿာ နှင့် ငရုပ်သီးခြောက် (၇)ပိဿာတို့ကိုပါ ထည့်သွင်းထောက်ပံ့ခဲ့ရာ “ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး (၁၂)ဦးတို့က သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စနစ်တကျ မျှဝေထောက်ပံ့ခဲ့ပါတယ်" ဟု အဆိုပါကျေးရွာမှ ကိုသန်းဝင်းနိုင်က ပြောသည်။

 

ဂန့်ဂေါမြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုအရေအတွက် ၇၄၃၇ ခုအားလုံး အတွက် စုစုပေါင်း ဆန် ၅၉၄၉၆ ပြည်၊ ဆီ ၃၇၁၉ ပိဿာ၊ ပဲ ၇၄၃၇ ပိဿာ၊ ဆား ၃၇၁၉ ပိဿာနှင့် ကြက်သွန်နီ ၇၄၃၇ ပိဿာတို့ကို ဖြန့်ဝေပြီးဖြစ်ကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)