နေပြည်တော် ဒီဇင်ဘာ ၆
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၊ သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း (Grade-1 သင်တန်း) အမှတ်စဉ် (၂၃၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုစာရင်စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်- ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပါမောက္ခ ဒေါက်တာကံဇော်က ယခုသင်တန်းကို နိုင်ငံ့ဝန်ထမ်းများ၏ ရုံးလုပ်ငန်းကျွမ်းကျင်မှုများ တိုးတက်မြင့်မားလာစေရန်နှင့် လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းများရှိ အရာထမ်း၊ အမှုထမ်းများအတွက် အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် သင်တန်းများကို အဆင့် (၃) ဆင့် ခွဲခြား၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းကို ယခင်စာရင်းစစ်ချုပ်ရုံး (ရုံးချုပ်) ရန်ကုန်၊ သင်တန်းကျောင်း၌ ၁၉၆၀ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်၌ ၂၀၀၇-၂၀၀၈ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်း အမှတ်စဉ် (၁ မှ ၂၃၂) အထိ သင်တန်းသား ၄၀,၁၆၈ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။
လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ဗဟုသုတနှင့် ကျွမ်းကျင် မှုအရည်အသွေးများ ပြည့်ဝစေရန် လေ့လာသင်ယူမှုသည် အရေးကြီးကြောင်း၊ ပြည်သူ့ အကျိုးစီးပွား ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကိုသိရှိပြီး ဌာန၊ အဖွဲ့အစည်းအတွက် ကောင်းမွန်သော စီမံခန့်ခွဲမှုကို အထောက်အကူ ပြုနိုင်သူများဖြစ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဉပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာ၍ ဌာန၊ အဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ တိကျပြည့်စုံမှန်ကန်သည့် စာရင်းရေးဆွဲ မှတ်တမ်းတင်မှုများကို အများလက်ခံကျင့်သုံးနေသော စာရင်းကိုင်မူများနှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း မှာကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာန/ အဖွဲ့အစည်း ၃၈ ခုမှ သင်တန်းသား ၁၀၂ ဦး တက်ရောက်ကြပြီး စာရင်းကိုင်ပညာ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်း၊ ဦးစီးဌာနစာရင်းထားနည်း၊ စတိုပစ္စည်းစာရင်းထားနည်းနှင့် အမှုတွဲထိန်းဘာသာရပ် များကို ဒီဇင်ဘာ ၆ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ စာမေးပွဲရက်အပါအဝင် (၁)လ ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
သတင်းစဉ်