ပဲခူး ဇန်နဝါရီ ၇

 

ပဲခူးတိုင်းဒေသကြီး အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ် အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှု အားပေးသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု၊ နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့ကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းအိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

 

ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရင့်နောင်ဝန်ထမ်းအိမ်ရာသို့ ရောက်ရှိပြီး နိုင်ငံ့ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး အခြေခံစားသုံးကုန်များနှင့် အသား/ငါး/ဥ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဝက်သား၊ ကြက်သား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်ရွက်မျိုးစုံကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည့်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်ရှိ မြို့မဈေးများတွင်လည်း ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်များ၌ အခြေခံစားသုံးကုန်နှင့် အသား၊ ငါး၊ ဥ တို့အား ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်မှ စတင်၍ နေ့စဉ်ပိတ်ရက်မရှိ သက်သာသော နှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)