ရန်ကုန်  ၄ နိုဝင်ဘာ

အခြေခံစျေးဖြင့် စပါးဝယ်ရန် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကို ကျပ် ၁၃ ဘီလီယံ ထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

"ပဲခူးတိုင်းက ပြီးခဲ့တဲ့အပတ်ထဲမှာ သူတို့ စပါးဝယ်ယူဖို့အတွက် ၈ ဘီလီယံခွဲပေးဖို့ဆိုပြီး ပြောပါတယ်၊ ပြောတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ စည်းမျဥ်းစည်းကမ်းတွေချဖို့ဆိုပြီးတော့ မကြာခင်ကာလ တစ်ပတ်လောက်အတွင်းမှာဘဲ အစည်းအဝေးခေါ်ပါ့မယ်၊ ခေါ်ပြီးတော့ သူတို့ လိုချင်တဲ့ပိုက်ဆံကို ကျွန်တော်တို့ ထုတ်ပေးမယ်၊ အဲတော့ ဒါကို ဘယ်လိုပြန်ဆပ်ရမယ်ဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့ လုပ်ပါ့မယ်၊ လုပ်ပြီးတဲ့အခါကျရင် ဒီပဲခူးတိုင်းရဲ့ အစီအစဥ်နဲ့ ဝယ်ယူဖို့ ဧရာဝတီတိုင်းကတော့ အခုထိတော့ မဆက်သွယ်လာသေးဘူး၊ အကြမ်းမျဥ်းတော့ သူတို့အတွက်က ၅ ဘီလီယံလောက် လိုမယ်ဆိုပြီး ပြောပါတယ်၊ အဲတော့ ၈ ဘီလီယံနဲ့ ၅ ဘီလီယံ ဆိုတော့ ၁၃ ဘီလီယံ ကျွန်တော်တို့ ထုတ်ထားတဲ့ ပိုက်ဆံနဲ့တော့ လုံလောက်မှုရှိပါတယ်၊ လုံလောက်မှုရှိတော့ တကယ်ဖြစ်လာရင် ကျွန်တော်တို့ ဝယ်ဖို့ကတော့ အဆင်သင့်ပါဘဲ"ဟု  ဦးအောင်ထူးက ပြောသည်။

လက်ရှိ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ထံသို့ အခြေခံစျေးဖြင့် စပါးဝယ်ယူပေးရန် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့က တင်ပြထားကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ် မိုးစပါးနှင့် ၂၀၂၀ နွေစပါးအတွက်  အောက်တိုဘာ ၁၅ ရက်တွင် အစိုးရသတ်မှတ်ထားသည့်  စပါးတင်း (၁၀၀) လျှင် (၅)သိန်းနှုန်းအောက် ကျဆင်းမည်ဆိုပါက အစိုးရက ငွေစိုက်ထုတ်ဝယ်ယူပေးရန် ကျပ် ၁၅ ဘီလီယံကို ပြည်ထောင်စုအစိုးရက သတ်မှတ်လျာထားထားသည်။

ထို့ကြောင့် စပါးစျေး အစိုးရသတ်မှတ်ထားသည့်နှုန်းအောက် ရောက်ရှိနေသော ဒေသများတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ ဝယ်ယူရေး အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရသည်။

"ဝယ်တာကတော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးကနေဝယ်ဖို့ ဖြစ်ပါတယ်၊ ဝယ်ခွင့်နဲ့ပတ်သက်လို့လည်း သူတို့ကို စီမံချက်နဲ့ ပတ်သက်လို့ တင်ခိုင်းထားတာရှိပါတယ်၊ အဲတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက စီမံချက်တွေအကုန်လုံး တင်ထားတာရှိပါတယ်၊ အဲဒီစီမံချက်အတိုင်း သူတို့က အကောင်အထည်ဖော်သွားမှာပါ"ဟု  ဦးအောင်ထူး က ပြောသည်။

ထို့ပြင် အစိုးရက ငွေစိုက်ထုတ်ကာ စပါးဝယ်ယူမည့်အစီအစဥ်တွင် ဝယ်ယူပြီးပါကလည်း ယင်းစိုက်ထုတ်ထားသည့် ရန်ပုံငွေ ပြန်ဆပ်ရမည့် စည်းမျဉ်းစည်းကမ်းများအား ဆွေးနွေးသွားမည်ဖြစ်ပြီး ပြန်ဆပ်ရမည့်ကာလကို သတ်မှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ အခြေခံရည်ညွှန်းစျေးဖြင့် ရောင်းချရန် အခက်အခဲရှိသော နေရာဒေသများတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင် စီစဉ်မှုဖြင့် ဦးဆောင်အဖွဲ့က ဖွဲ့စည်းပေးထားသော လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့နှင့် ဆန်စပါးဝယ်ယူရေးအဖွဲ့များမှ ဝယ်ယူရေးကို ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိပြီး ယင်းနှင့် ဆက်စပ်သော ဝယ်ယူရေးနှင့် သိုလှောင်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Nyein Nyein