အခြေခံစီးပွားရေးမဏ္ဍိုင် ခိုင်မာရေးကြိုးပမ်း

၉ နိုဝင်ဘာ

 

မြန်မာနိုင်ငံသည် အစဉ်အဆက်စိုက်ပျိုးရေးကို အဓိကအားထားသောနိုင်ငံဖြစ်သည်။ တစ်ချိန်က စီးပွားရေးမှာ စိုက်ပျိုးရေးကိုအခြေခံသော်လည်းဈေးကွက်ကို ထိန်းချုပ်ထားသဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝနိမ့်ကျခဲ့ရသည်။ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးသောအခါ စိုက်ပျိုးရေးသာမက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများတိုးတက်လာသည်။ လက်ရှိတွင် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအနက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ၉၉ ရာခိုင်နှုန်းအထိ ရှိနေပြီဖြစ်သည်။

 

 

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာပြည်သူများအကြားတွင် ကျယ်ပြန့်စွာ ဖြစ်တည်နေသော်လည်း အလုံးစုံအောင်မြင်မှုမရှိသေးချေ။ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ လိုအပ်ချက်များများစွာရှိနေသည်။ ယင်းအခြေအနေမှာ မြန်မာတစ်နိုင်ငံတည်းသာမဟုတ်၊ အာဆီယံဒေသတွင်းနိုင်ငံများတွင်လည်း ကြုံတွေ့နေရသည်။ ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်များ၊ နည်းပညာပိုင်းဆိုင်ရာနှင့် ဈေးကွက်အခြေအနေများအရ အခြားစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် သတင်းအချက်အလက်မလုံလောက်မှု၊ အသိအမှတ်ပြု အဆင့်အတန်းအရ လုံလောက်သည့်စွမ်းရည်မရှိမှု၊ စီးပွားရေးနှင့် မူဝါဒပိုင်းဆိုင်ရာတွင်ပိုမိုပါဝင်မှု စသည့် အခက်အခဲပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

 

 

ထိုအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် အာဆီယံနှင့် မိတ်ဖက်နိုင်ငံများပါဝင်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အစည်းအဝေးများပြုလုပ်၍ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် အစည်းအဝေးအပါအဝင် ဆဋ္ဌမအကြိမ်တိုင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ဖော်ပြပါအခက်အခဲများကို ဖြေရှင်းနိုင်ရေးဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးမြင့်ဆွေက အခက်အခဲများ၊ ပြဿနာများကို ကျော်လွှားနိုင်ရေးအတွက် အာဆီယံဒေသတွင်း ပေါင်းစည်းအားနှင့်အတူ နိုင်ငံတကာနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပံ့ပိုးမှုများကိုရယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

မြန်မာနိုင်ငံအနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ရင်းနှီးမြှုပ်နှံမှုပံ့ပိုးပေးနိုင်ရေး၊ နည်းပညာရရှိနိုင်ရေး၊ ဈေးကွက်ရှာဖွေနိုင်ရေး၊ MSME လုပ်ငန်းများကို ထိရောက်သည့် ဥပဒေမူဘောင်များဖြင့် အကာအကွယ်ပေးနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအပိုင်းများတွင်ထိထိရောက်ရောက် ပံ့ပိုးပေးလျက်ရှိသည်။ ထို့အပြင် နှစ်တို၊ နှစ်လတ်ကဏ္ဍများကို ဆောင်ရွက်နေရုံသာမက ရေရှည်ဆောင်ရွက်ရမည့်ကဏ္ဍများကို လုပ်ငန်းစဉ်များဖြင့်ဆောင်ရွက်နေသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့်မိတ်ဖက်နိုင်ငံများ ပူးပေါင်း၍ ပြည်သူလူထု၏ စီးပွားရေးလုပ်ငန်းနယ်ပယ် မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြံဆဆောင်ရွက်ကြသည်မှာ တိုးတက်မှုရလဒ်များကို ဆောင်ကြဉ်းစေပါသည်။ အာဆီယံနိုင်ငံများအတွင်း ရေမြေသဘာဝ ကွဲပြားခြားနားမှုနှင့် အရင်းအမြစ်များ ပေါများြွကယ်ဝမှုတို့အပေါ်အခြေခံ၍ ထုတ်လုပ်နိုင်မှုစွမ်းရည်၊ ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုတို့ကို မြှင့်တင်ပြီး ဈေးကွက်ချဲ့ထွင်ရန်နှင့် နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်ရန်စသည့် ရည်မှန်းချက်ပန်းတိုင်များနှင့်အညီ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။သို့ဖြစ်ရာ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ပြည်သူလူထုအခြေပြုသည့် စီးပွားရေးလုပ်ငန်းများဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထူးအရေးကြီးသဖြငြှ့်နြ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အားကောင်းလာအောင် အာဆီယံနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းလက်တွဲလျက် တီထွင်ကြံဆကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ကြေးမုံ