၄ မတ်
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၌ နယ်ပယ်ကဏ္ဍအသီးသီးအလိုက် စိန်ခေါ်မှုများစွာရှိသည်။ နိုင်ငံ၏စီးပွားရေးသည် ယခင်တင်းကျပ်သည့်အနေအထားမှ ဖြေလျှော့မှုများရှိမှု၊ ကိုယ်ကျိုးစီးပွား ဦးစားပေးမှုမှ အများပြည်သူအကျိုးကို ရှေးရှုလာမှုတို့သည် ကောင်းမွန်သည့် လက္ခဏာများ ဖြစ်သည်။ ထို့ကြောင့် စီးပွားရေး နယ်ပယ်များတွင် စိန်ခေါ်မှုများရှိသည်ဟုဆိုသော်လည်း အများပြည်သူတို့အနေဖြင့် လူမှုစီးပွားဘဝ၌ ပုံမှန်လည်ပတ်မှု ရှိနေသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအောင်မြင်ရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် စီးပွားရေးလွတ်လပ်ခွင့် ရှိရန်နှင့် အခြေခံကျသည့် စီးပွားရေးနယ်ပယ်တို့ကို ရှေးရှုသင့်သည်ဟု စီးပွားရေးပညာရှင်တို့က အကြံပြုကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံအတွင်းရှိ စီးပွားရေးနယ်ပယ်အားလုံးတွင် ၉၉ ရာခိုင်နှုန်းအထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များ၏ ဆန္ဒနှင့်အညီ စီးပွားရေးခိုင်မာ အားကောင်းအောင် လုပ်ဆောင်ဖို့လိုကြောင်း ကမ္ဘာ့ဘဏ်မှ ပညာရှင်က ထောက်ပြထားသည်။ ထို့ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ခိုင်မာအားကောင်းလာအောင် နိုင်ငံတော်က အားပေးမြှင့်တင် ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။
အခြေခံကျသည့် စီးပွားရေးနယ်ပယ်များအနက် ပြည်တွင်းစားသုံးဆီ အခန်းကဏ္ဍမှာ အရေးပါသည်ကို သတိမူရမည် ဖြစ်သည်။ မြန်မာနိုင်ငံမှ နိုင်ငံသားများသည် နေ့စဉ်နှင့်အမျှ ဆီစားသုံးသူများ ဖြစ်သည်။ ဆီမပါလျှင် ဟင်းမဖြစ်ဆိုသလို လူတိုင်းလူတိုင်း ဆီကို နေ့စဉ် မဖြစ်မနေ စားသုံးကြသည်။ လူတစ်ဦး တစ်နှစ် ဆီစားသုံးမှု ပျမ်းမျှ ခြောက်ပိဿာရှိသည်။ မြန်မာနိုင်ငံတွင် အခြေခံလူတန်းစား များပြားသောကြောင့် မည်သည့်ဆီအမျိုးအစားကိုမဆို စားသုံးကြသည်။ ထို့ကြောင့် ဈေးနှုန်းသက်သာသော ပြည်ပစားအုန်းဆီဈေးကွက် ကျယ်ပြန့်လာသည်။
ပမာဏများပြားစွာဖြင့် ဝင်ရောက်လာသော ပြည်ပစားအုန်းဆီသည်ဆယ်စုနှစ်တစ်ခုအတွင်း ပြည်တွင်း စားသုံးဆီ ဈေးကွက်ကို လွှမ်းမိုးသွားသည်။ ထိုအခါ ပြည်တွင်း ပုဂ္ဂလိကဆီစက်လုပ်ငန်း ၉၀ ရာခိုင်နှုန်းမှာ လုပ်ငန်းများ တုံ့ဆိုင်းသွားသည်။ ၁၉၉၀ ပြည့်နှစ်တွင် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုမှာ တစ်လလျှင် ပျမ်းမျှတန်ချိန် ၁၀ဝ၀ဝ နှင့်အောက် ရှိသော်လည်း ယခုအခါ တစ်လလျှင် ပျမ်းမျှတန်ချိန် ၅၀ဝ၀ဝ မှ ၇၀ဝ၀ဝ ကြားအထိ ရှိနေသည်။ ယင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀ဝ ခန့်ရှိသည်။
ပြည်တွင်းဆီစက်များ လည်ပတ်မှုလျော့ကျသွားသောအခါ တိရစ္ဆာန်အစားအစာ ပဲဖတ်၊ နှမ်းဖတ် လိုအပ်ချက် မြင့်မားလာသည်။ ထိုအခါ ပြည်ပမှ တိရစ္ဆာန်အစားအစာ တစ်လပျမ်းမျှ တန်ချိန် ငါးသိန်း၊ တန်ဖိုးအားဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀ဝ ခန့် တင်သွင်းရသဖြင့် စားအုန်းဆီနှင့် တိရစ္ဆာန်အစာတင်သွင်းမှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ခန့်ရှိသည်။ ပဲဆီ၊ နှမ်းဆီ ပြည်တွင်းထွက်ဆီနှင့် ပြည်ပမှ စားအုန်းဆီတန်ဖိုး ကွာဟချက်မှာ လူတစ်ဦးလျှင် တစ်နှစ်လျှင် ကျပ် ၁၈၀ဝ၀ ခန့် ပိုသော်လည်း ကျန်းမာရေးအရမူ ကျပ်တစ်သိန်းမက တန်ဖိုးရှိသည်။
ပြန်လည်၍ တွက်စစ်ကြည့်လျှင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်နစ်နာသည်။ အဆိုးဆုံးမှာ နိုင်ငံအတွင်းရှိ ပြည်တွင်းကုန်ကြမ်းဖြင့် လည်ပတ်သည့် အသေးစား၊ အလတ်စား ပြည်တွင်းဆီစက်များ လုပ်ငန်းတုံ့ဆိုင်း သွားသည်။ အလုပ်လက်မဲ့ ဖြစ်ရသည်။ မြန်မာပြည်တွင် စိုက်ပျိုးနိုင်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲအမျိုးမျိုးနှင့် ဆက်နွှယ်သည့် စားသုံးကုန်တို့ကို ပြည်ပမှတင်သွင်းရသည်မှာ ရင်နာစရာကောင်းလှသည်။ မြန်မာ့စီးပွားရေး ဦးမော့လာရေး၊ ပြည်သူလူထု ကျန်းမာရေး၊ ပြည်တွင်းအလုပ်အကိုင်များ ဖွံ့ဖြိုးရေး၊ လူမှုစီးပွား တိုးတက်ကောင်းမွန်ရေး အတွက် အခြေခံကျသည့် ပြည်တွင်းထုတ်ကုန်များ အရေးကို အလေးထားရပေလိမ့်မည်။ ပြည်ပမှတင်သွင်းသည့် စားသုံးဆီသာမက စားသုံးကုန်များ တင်သွင်းမှုမူဝါဒများကိုလည်း ပြန်လည်ဆန်းစစ် သုံးသပ်ကြည့်ရမည် ဖြစ်သည်။ သို့မှသာ ပြည်တွင်းစီးပွားရေး၊ နိုင်ငံ့စီးပွားရေး တိုးတက်မြင့်မားလာမည်ဟု သုံးသပ်မိပါသည်။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)