အခြေခံကျောင်းများတွင် မိဘဆရာအသင်းများ ဖွဲ့စည်းဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာတင်ညို၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးအေးကြိုင်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီတို့ပါဝင်ဆွေးနွေးခဲ့ကြသည်။
(ဖေဖော်ဝါရီ ၅ ရက်နေ့မှအဆက်)
အစီအစဉ်မှူး။ ။ အခုတစ်ခါ ထပ်ပြီးတော့ ကျောင်းရဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘဆရာအသင်းနဲ့ တွဲဖက်ပြီး လုပ်ဆောင်ရမယ့် အဖွဲ့အစည်းတွေရှိရင်လည်း ဆရာကြီးက ပြောပြပေးပါဦး။
ဒေါက်တာတင်ညို။ ။ အဲဒီလို ဆောင်ရွက်နိုင်ဖို့က ကျောင်းနဲ့ဝန်းကျင်မှာရှိနေတဲ့လုပ်ငန်းတွေမှာပါဝင်ကြတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်လို့ရပါတယ်။ အထူးသဖြင့်ကတော့ ကျောင်းတွင်းဆိုခဲ့ရင် ကျောင်းတွင်းမှာ ဖွဲ့စည်းထားတဲ့ ကျောင်းကောင်စီရှိတယ်။ ကျောင်းကောင်စီကနေ ထပ်ပြီး တော့ဖွဲ့စည်းထားတဲ့ ဝါသနာရှင်အသင်းတွေ ရှိတယ်။ အဲဒီ အသင်းတွေအားလုံးသည် သူတို့ရဲ့လှုပ်ရှားမှုတွေကိုသက်ဆိုင်ရာ မိဘတွေ၊ အုပ်ထိန်းသူတွေက ပါဝင်ပေးမယ်ဆိုရင် ပိုပြီးတော့ မြိုင်ဆိုင်ပါတယ်။ လုပ်ငန်းတစ်ခုမှာ သူတို့ရဲ့အင်အား၊ သူတို့ရဲ့ကျွမ်းကျင်မှုတွေကို ကျောင်းကနေပြီးတော့ ရယူနိုင်မယ်ဆိုရင် ဥပမာအားဖြင့် ကလေးတွေအတွက် ပန်းချီ၊ အနုပညာ အားလုံးပြည့်စုံအောင် မရှိနိုင်သေးဘူးဆိုရင်တော့ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေရဲ့ အင်အားဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဒီဝါသနာရှင်အသင်းတွေကို ပိုပြီးတော့ ထက်ထက်မြက်မြက် ဖြစ်အောင် ဖွဲ့စည်းပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ဝင်ရောက်ပါဝင်နိုင်မှုနဲ့ မိဘများရဲ့စိတ်ဝင်စားမှု ပိုပြီးတော့ ကောင်းနိုင်ပါတယ်။ အလားတူပဲ ကျောင်းပတ်ဝန်းကျင်မှာ ရှိနေတဲ့ကျောင်းကို အကျိုးပြုနိုင်မယ့်၊ အများကိုအကျိုးပြုနိုင်တဲ့ အသင်းအဖွဲ့တွေ ဆိုရင်လည်း ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ ဒါဟာ ကျောင်းရဲ့လှုပ်ရှားမှုကို ပိုပြီးတော့ မြိုင်ဆိုင်မယ်လို့ ယူဆပါတယ်။
ဦးအေးကြိုင်။ ။ ကျွန်တော်တို့ ပညာရေးကျောင်းတွေမှာ ကျောင်းတွေရဲ့ အများမြင်သာတဲ့နေရာမှာ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုပြီးတော့ ကျွန်တော်တို့ကလေးတွေရဲ့ နှလုံးသားထဲမှာ နေ့တိုင်းမြင်ခွင့်ရအောင် ဖန်တီးထားတယ်။ ပညာသင်ကြားခြင်းရဲ့ အန္တိမပန်းတိုင်ဟာ အောင်မှတ်မဟုတ်ဘူး။ အောင်ချက်မဟုတ်ဘူး။ ကလေးတွေကို တကယ် စိတ်အလှမြင်အောင် သင်ပေးရ မယ်။ မိဘဆရာအသင်းက ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုး ရေးလုပ်တော့မယ်ဆိုရင် ခုနက စိတ်ဓာတ်နဲ့စရပါတယ်။ နောက်စည်းကမ်းကို တန်ဖိုးထားရပါတယ်။ ပြီးတော့ပညာရမှ ခိုင်မြဲပါတယ်။ ခုနက ဆရာကြီးလမ်းòန်ဆွေးနွေး ခဲ့တဲ့အချက်က ကျောင်းကောင်စီလို့ လမ်းညွှန်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ ပညာရေးလောကမှာ ကျောင်းအုပ်ကြီးဘဝနဲ့ အဆင့်ဆင့် ဖြတ်သန်းပြီး ညွှန်ကြားရေးမှူးဘဝနဲ့ အငြိမ်းစားယူခဲ့တော့ ဘဝကနေ သိခဲ့တဲ့အသိတစ်ခု ပြန်တင်ပြရမယ်ဆိုရင် ကျောင်းတစ်ကျောင်းမှာ အသက်ပမာ အချက်အချာကျတာက ကျောင်းကောင်စီပါ။ ဘာဖြစ်လို့လဲဆိုတော့ မိဘဆရာအသင်း ဆိုတာဟာ အသင်းသားတွေအားလုံး ကျောင်းလာနိုင်ခွင့်ကို သိပ်ပြီးတော့ အခြေအနေမပေးလို့ သူတို့ကိုကိုယ်စားပြုတဲ့ခုနက ဆရာမကြီးဆွေးနွေးခဲ့တဲ့ ၁၅ ဦး၊ ၁၇ ဦး၊ ၁၃ ဦး၊ ၁၁ ဦး၊ ငါးဦး၊ ခုနစ်ဦး အလုပ်အမှုဆောင်အဖွဲ့ပဲ ကျွန်တော်တို့ ဖွဲ့နိုင်တယ်။ အဲဒီအဖွဲ့ကလည်း တစ်နှစ်မှာ သုံးကြိမ်လောက် ညီလာခံကျင်းပတယ်။ ဆရာကြီး ဆွေးနွေးလမ်းညွှန်မှု ပြုတဲ့အခါမှာ ပညာရေး စုံညီပွဲတော်ကိစ္စတွေနဲ့ မိဘတွေလာနိုင်ခွင့်ကို ဆရာကြီး လမ်းညွှန်ဆွေးနွေးပေးပါလို့ဆိုတော့ ကျောင်းကြီးရဲ့ ဘက်စုံဖွံ့ဖြိုးရေး ဦးတည်ချက်ပန်းတိုင်ဟာ ကလေးတွေဆိုရင် ကလေးတွေကို တကယ်ပြည့်စုံအောင် လက်တွေ့လုပ်နေတဲ့ အဖွဲ့အစည်းဟာ နိစ္စဓူဝ ဆရာနဲ့ ကျောင်းသားပဲ။ ကျွန်တော်တို့က တစ်နှစ်မှာ သုံးကြိမ်လောက် မိဘလာဖို့ တော်တော်လေးလုပ်ရပါ တယ်။ အဲဒီတော့ မိဘဆရာအသင်းကို အင်အားဖြည့်မယ်၊ စွမ်းရည်မြှင့်မယ်ဆိုရင် ကျောင်းကောင်စီကို စွမ်းရည်မြှင့်ပေးရင် မိဘဆရာအသင်းဟာ ပိုပြီးတော့ သွက်လက်လာမယ်။ ကလေးတကယ်ချစ်တဲ့ မိဘတိုင်းဟာ သူ့ကလေးကို ဆရာကြီးဆွေးနွေးတဲ့ ကျောင်းကောင်စီရဲ့ လက်အောက်မှာ ပညာရေး လက်တွေ့ ဖွံ့ဖြိုးမှုအဖွဲ့တွေ ရှိတယ်။
အန္တိမပန်းတိုင်
ကျွန်တော်တို့ပညာရေးဟာ ခုနက ကိုယ်၊ နှုတ်၊ နှလုံး ဆိုပြီး အမျိုးသားပညာရေးဥပဒေမှာ လမ်းညွှန်ထား တယ်ဆိုတော့ စာတစ်ခုတည်းသင်တဲ့ ပညာရေးနဲ့ နိုင်ငံ့သားကောင်းမဖြစ်ဘူး။ ပညာရေးရဲ့ အန္တိမပန်းတိုင်ဟာ (Good Citizens) နိုင်ငံ့သားကောင်း၊ နိုင်ငံ့သားကောင်းဆိုတာ ပညာတတ်ရုံတစ်ခုတည်း မရဘူး။ စိတ်ယဉ်ကျေးခြင်း မပြည့်ရင် မဖြစ်တဲ့ အတွက်ကြောင့် ပြည်သူတွေကျင့်ကြံအားထုတ်သင့်တဲ့ ပြည်သူ့နီတိဆိုတဲ့ ပြည်သူတိုင်း ဆောင်ရွက်တဲ့ အဲဒီနှလုံးသား နီတိအကျင့်တွေ မပါသွားရင် ကျောင်းလို့မခေါ်ထိုက်ဘူး။ ကျောင်းလို့ပြောလိုက်ရင်ဒီမိဘဆရာအသင်းရဲ့ ရင်ထဲမှာရှိတဲ့ ကျောင်းဟာ ကျွန်တော်တို့ ပညာရှင်တစ်ဦးက ပြောထားတယ်။ “ကျောင်းတစ်ကျောင်းကို လေ့လာခွင့်ရမည်ဆိုလျှင်ထိုနိုင်ငံ၏ အနာဂတ်ကို သိနိုင်မည်” လို့ ဆိုထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကျောင်းတွေရဲ့ အခြေအနေတွေကို ကြည့်လိုက်ရင် ဘာကိုဦးတည်နေလဲ၊ နိုင်ငံတော်ကိုပညာရေးကဏ္ဍရည်မှန်းတဲ့ (Good Citizens) ကိုသွားနေလား၊ နိုင်ငံ့သားကောင်းလား၊ ပြည်သူ့သားကောင်းလား၊ ဒီမိုကရေစီကိုအကျိုးပြုတဲ့ ကျွန်တော်တို့ ကျောင်းကောင်စီဆိုတဲ့ သီချင်းထဲမှာ ပါပါတယ်။ “ကျောင်းတွင်း ဒီမိုကရေစီ ထူထောင်မည်၊ ပြည်သူ့သားကောင်း သမီးကောင်း ကျောင်းကောင်စီ” ဆိုတော့ မိဘက အဲဒါလိုချင်တာ။ ပြည်သူကိုဗဟိုပြုတဲ့ သားရတနာ သမီးရတနာကိုရချင်လို့ ကျောင်းကိုပို့ထားတာ၊ ပညာတတ်မြောက်ဖို့ ရည်ရွယ်တာ တစ်ခုတည်းမဟုတ်ဘူးလို့ ပညာရေးဌာနက မျှော်မှန်းထားတာ၊ ဒါအမျိုးသားပညာရေးဥပဒေမှာ တိုက်ရိုက် ဖွင့်ဆိုထားတဲ့အတွက်ကြောင့် အဲဒီကိစ္စကိုလည်း ဆရာကြီး ဖြည့်စွက်လမ်းညွှန်ပေးပါဦး။
ဒေါက်တာတင်ညို။ ။ အဓိကကတော့ ဒီလုပ်ငန်းတွေမှာ မိဘတွေ ပါဝင်ပူးပေါင်းနိုင်မှုအားကို အများဆုံးယူရပါမယ်။ ခုနကပြောတဲ့ မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် ကျောင်းသားပေါင်း ကိုးသန်းနဲ့ တစ်သိန်း ရှိတယ်။ အဲဒီတော့ သူ့ရဲ့အုပ်ထိန်းသူမိဘနဲ့ ပေါင်းလိုက်တဲ့အခါမှာ ကိုယ်စားပြုထားတဲ့ အသင်းအဖွဲ့ကြီးက နည်းတဲ့အသင်းအဖွဲ့ကြီး မဟုတ်ဘူး။ အကြီးမားဆုံးအသင်း အဖွဲ့ကြီးလို့ ဆိုလို့ရပါတယ်။ အဲဒီလိုပါနိုင်အောင်သက်ဆိုင်ရာ ကျောင်းကနေပြီး မိဘတွေပါဝင်နိုင်ဖို့ ဆွဲဆောင်နိုင်မယ်ဆိုခဲ့ရင် လုပ်ငန်းပိုပြီးတော့ အောင်မြင်ပါတယ်။ ခုနက ဆရာကြီး ဦးအေးကြိုင်ပြောသလို အဲဒီအထဲမှာ နှစ်စဉ်နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ ပညာရေးစုံညီပွဲတော်၊ အခုဆိုရင် အရင်တုန်းကထက် ပိုမိုပြီးတော့အောင်မြင်စွာ ကျင်းပလာနိုင်ပြီလို့ ခံယူမိပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျောင်းအလိုက်ရော၊ မြို့နယ်အလိုက်ရော၊ တိုင်းဒေသကြီးအလိုက်ပါ ရန်ပုံငွေချပြီးတော့ ဆောင်ရွက်နေတယ်။ အဲဒီတော့ လွတ်လွတ်လပ်လပ် ပညာရေးစုံညီပွဲတော်ဆိုတဲ့ အဓိပ္ပာယ်သည် တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံကျောင်းတွေမှာ ဒီပွဲတော်ကို ကျင်းပတာပါ။
ပညာရေးစုံညီပွဲတော်
ပွဲတော်လို့ဆိုလိုက်တဲ့အတွက် သိပ်ပြီးတော့ ပကာသနဆန်ပြီးတော့ မြင့်မားတယ်လို့တော့ ဆိုလို့မရဘူး။ ကျောင်းတစ်ကျောင်းရဲ့ လှုပ်ရှားမှုကို မိဘကိုခေါ်ပြတာပဲ။ အဲဒီပွဲဟာ ကျောင်းသားအများဆုံး ပါဝင်နိုင်တဲ့ ပွဲဖြစ်နိုင်အောင် ဖန်တီးပေးဖို့ပါပဲ။ လူနည်းနည်း လေးပဲရှိတယ်ဆိုခဲ့ရင် လာကြည့်တဲ့မိဘသည် သူနဲ့ပတ်သက်တဲ့၊ ကလေးတွေနဲ့ ပတ်သက်တဲ့ မိဘတွေပဲဖြစ်တယ်။ တကယ်တော့ ပွဲများ များပေါ့။ အားကစားပွဲတွေ၊ ပန်းချီပွဲတွေ၊ နောက် အဆို၊ အတီး စသဖြင့်ပေါ့။ ဒါကလည်း ရှိနိုင်တဲ့ အင်အားလေးနဲ့ပါ။ သိပ်ပြီးတော့ ပကာသနဆန်တာမဟုတ်ဘဲနဲ့ ကလေးများများပါနိုင်လေ မိဘများများလာမယ်။ အဲဒီအခါကျတော့ ကိုယ့်ကျောင်းရဲ့ အခြေအနေလေးတွေကို ပြန်လည်ပြီး တော့ ဝေမျှပေးလို့ရပါတယ်။ ဒါဟာ မိဘများကို ပြန်ပြီး တော့ စည်းရုံးတဲ့အခါမှာ ပညာရေးစုံညီပွဲတော်ဟာ အင်မတန်အရေးကြီးပါတယ်။ အလားတူပဲ မိဘများရဲ့ခွန်အားကို ရယူချင်တဲ့အခါမှာ ပညာရေးဌာနမှာ မြို့နယ်ပညာရေးအဆင့်မှာကိုပဲ (ICT)နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေတာလေးတွေ၊ ဒါလေးကို ဆရာမကြီးက ဘယ်လိုအစပျိုးထားလဲဆိုတာလေး ပြောပြပေးပါဦး။
ဒေါ်စန်းစန်းရီ။ ။ အခု ကျွန်မတို့ ပညာရေးဝန်ကြီးဌာန အနေနဲ့လည်းပဲ အခြေခံပညာဦးစီးဌာနမှာ ကျောင်းတွေအထိ၊ မြို့နယ်တွေအထိ (Server) တွေထိုင်ပြီးတော့ ကျောင်းအုပ်တွေနဲ့၊ မြို့နယ်ပညာရေးမှူးနဲ့ ဆက်သွယ်ဆောင်ရွက်နေသလိုပဲ။ ကျောင်းအုပ်တစ်ယောက်သည် ကိုယ့်ကျောင်းထဲမှာရှိသော မိဘများနဲ့လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဆက်သွယ်နိုင်တဲ့ နည်းလမ်းတွေကို တည်ထောင်နိုင်ရင်တော့ မိဘဆရာ အသင်းရဲ့လုပ်ငန်းဟာ ပိုပြီးတော့ အောင်မြင်မယ်၊ အဆင်ပြေမှာ ဖြစ်ပါတယ်။
အစီအစဉ်မှူး။ ။ ဆက်လက်ပြီးတော့ ပညာရေးဖွံ့ဖြိုး တိုးတက်ဖို့အတွက် မိဘ၊ ဆရာတွေနဲ့အတူတူ ရပ်ရွာပြည်သူလူထုတွေအနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရမလဲဆိုတာကို ဆရာကြီးတို့အလျဉ်းသင့်သလို ပြောကြားပေးစေလိုပါတယ်။
ဒေါက်တာတင်ညို။ ။ အခု လက်ရှိအခြေအနေဟာ ကလေးတွေမှာ ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေ၊ သူတို့အိမ်ကနေ ကျောင်းအလာမှာ တွေ့မြင်နေရတဲ့အမြင်တွေ အားလုံးရဲ့မြင်ကွင်းကို မိဘ၊ ဆရာ၊ မိဘအုပ်ထိန်းသူများက ဝိုင်းပြီးတော့ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမျိုးရှိခဲ့ရင် ဝန်းကျင်ကောင်းတစ်ခုရမယ်။ ဥပမာ ပတ်ဝန်းကျင်မှာရှိနေတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ နေရာထိုင်ခင်းမျိုးတွေ ရှိတာမျိုး၊ ဒါမျိုးတွေကအစ စုစည်းပြီးတော့ ပါဝင်ပေးမယ်ဆိုခဲ့ရင် သူတို့အတွက် အကောင်းဆုံးလမ်းကြောင်းလေးတစ်ခုကို ဦးတည်ပေးသွားနိုင်မယ်လို့ ဆရာတို့က ခံယူပါတယ်။
နောက်ဆရာမကြီး ခုနကပြောတဲ့အထဲမှာပါတဲ ICT ပေါ့။ များသောအားဖြင့် မိဘတိုင်း တော်တော်များများသည် အနည်းဆုံး အားဖြင့် ဟန်းဖုန်းသုံးပြီးတော့ Facebook ပဲဖြစ်ဖြစ် သုံးတတ်တာပေါ့။ အဲဒီလိုသုံးတတ်တဲ့အခါမှာ ခုနက မြို့နယ်မှာ အခြေပြုထားတဲ့ အခြေခံလေးကိုသုံးပြီးတော့ သူ့ Group လေးတွေနဲ့ပေါ့။ ဒီကျောင်းဆိုရင် ဒီကျောင်းနဲ့ ပတ်သက်တဲ့ မိဘတွေ အကုန်လုံး ပါဝင်နိုင်မယ့် Group မျိုးလေးတွေများ ဆက်ပြီးတော့ လုပ်ပေးမယ်ဆိုခဲ့ရင် ဒီကျောင်းရဲ့ Information သည် မိဘတွေဆီ ရောက်သွားမယ်။ မိဘတွေရဲ့ဆန္ဒကို ကျောင်းကနေသိလာမယ်။ အတုံ့အပြန်ရှိခဲ့ရင် ပိုပြီးတော့အောင်မြင်လာမယ်။
သင်ယူလိုတဲ့အသိပညာ
နောက်တစ်ခုက အခုဆွေးနွေးနေကြတဲ့ ပညာဆိုတာ အဓိကပေါ့။ အဓိက ကလေးရယ်၊ ပညာရယ်၊ မိဘ၊ ဆရာပေါင်းတော့ ကလေးပညာကောင်းတယ်ဆိုတော့ ပညာဆိုတဲ့သူ့ရဲ့အဓိပ္ပာယ်အနှစ်သာရက အကောင်းအဆိုး၊ အကြောင်းအကျိုး အမှန်အတိုင်းကို ဝေဖန်ပိုင်းခြားနိုင်မှ ပညာလို့ဆိုတယ်။ အဲဒီပညာရနိုင်ဖို့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်မှုဟာ မိဘများက ပါဝင်ပေးနိုင်တယ်ဆိုရင် လုံလုံခြုံခြုံနဲ့ ဣန္ဒြေရရနဲ့ သူတို့အင်မတန်ကို သင်ယူလိုတဲ့ အသိပညာကို ပြည့်ပြည့်စုံစုံရနိုင်မယ်လို့ ဆရာခံယူမိပါတယ်။
ဦးအေးကြိုင်။ ။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်တဲ့ (ICT)နည်းပညာတွေကို တချို့ကျောင်းတွေက သုံးနေကြပြီ။ ကျောင်းတိုင်း မဟုတ်တောင် ဒါကိုအစပျိုးပြီးတော့ ပညာရေးဝန်ကြီးဌာနကလည်း လုပ်နေပြီဆိုတော့ ဒါလေးတွေက ကောင်းသတင်းလေး တွေပါ။ သဘောကတော့ အများစုမလာနိုင်တဲ့အချိန်မှာ နည်းပညာနဲ့ ကလေးတွေရဲ့ အရည်အသွေးကို ထိန်းညှိထားဖို့ပါ။ ပညာရဲ့ပန်းတိုင်ကိုက ဘက်စုံထူးချွန်သော လူငယ်တွေကိုရည်ရွယ်တယ်။ ဘက်စုံဆိုတာကတော့ ကျွန်တော်တို့ ဘက်စုံပညာ စကားနဲ့ ပြောရင်တော့ ကာယ၊ ဉာဏ၊ စာရိတ္တနဲ့ ရသ၊ သက်မွေးဘက်စုံပညာရေး အသက်မွေးမှုကို အထောက်အကူမပြုတဲ့ ပညာပေးခြင်းဟာ ကလေးအတွက် အလုပ်အကိုင်အခွင့်အလမ်း မဲ့သွားတယ်။ သူ့ဘဝ ရပ်တည်မှုမဲ့သွားရင် သူတို့ဟာ နိုင်ငံအတွက် အကျိုးမပြု တော့ဘူး။ အ္တရာယ်ရှိတယ်ဆိုတော့ သူတို့ရဲ့ စိတ်ကိုယဉ်ကျေးအောင် စိတ်အလှကို လေ့ကျင့်ပေးတဲ့ ပြည်သူ့နီတိလို ဘာသာရပ်တွေဟာ မိဘဆရာအသင်း လူကြီးတွေက ကျွမ်းကျင်တဲ့ပညာရှင်တွေကို ဖိတ်ပြီးတော့ ဆွေးနွေး ပြောကြားလို့ရတယ်။ လက်တွေ့လည်း လုပ်ပြလို့ရတယ်။
ခုနကတုန်းက မိဘဆရာအသင်း စွမ်းအားမြှင့်ဖို့ဆိုရင်ကျောင်းတွင်းမှာ တကယ်ရှိတဲ့ ကျောင်းကောင်စီအဖွဲ့ရဲ့ လှုပ်ရှားသက်ဝင်မှု ကို ကျွန်တော်တို့က လက်ရှိနိုင်ငံတော်ကသွားတဲ့ ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်းထဲမှာ သူက ပါနေတယ်။ ပါနေတော့ မိဘဆရာအသင်းက မိဘနဲ့ ဆရာပေါင်းရင် ကျောင်းထဲမှာရှိတဲ့ ကလေးတွေကို ဖြစ်ချင်တဲ ရည်မှန်းချက်က ကျွန်တော်တို့အားလုံး တစ်နိုင်ငံလုံးရဲ့နှလုံးသားဖြစ်တဲ့ ကလေးရဲ့ အန္တိမပန်းတိုင်ဟာ သူ့ရဲ့စိတ်နေ စိတ်ထားကိုက နိုင်ငံတော်ကို တကယ်အကျိုးပြုတဲ့ လူသားကို ပျိုးထောင်တာ။ ဒါကြောင့် နိုင်ငံ့သားကောင်း၊ ပြည်သူ့သားကောင်းဖြစ်ဖို့ ရည်ရွယ်တယ်။ ရည်ရွယ်တယ်ဆိုတော့ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ရေနံချောင်းမှာ ကျောင်းနေတုန်းက သူ့ရဲ့အမျိုးသား ကျောင်းအုပ်ကြီးက ဆရာကြီး ဦးခင်သန်းလို့ ကျွန်တော်တို့ သိခဲ့တယ်။ ဆရာကြီး ဦးခင်သန်းက ဘာပြောလဲဆိုတော့ အများကောင်းကျိုးအတွက် အများက စုပေါင်းတိုင်ပင်ညှိနှိုင်းပြီး တင်မြှောက်တဲ့ခေါင်းဆောင်က အဲဒီအများကို ကောင်းအောင် ပြန်လုပ်တဲ့ပြည်သူ့အစိုးရ၊ အဲဒီရေသောက်မြစ်အစဟာ ကျောင်းကလို့ ပြောထားတယ်။ ကျောင်းဟာ ဒီမိုကရေစီရဲ့ ပုခက်ပဲဆိုတော့ အများကောင်းစားရေးလုပ်တဲ့ ပြည်သူ့အစိုးရကို ရေသောက်မြစ်နဲ့စတဲ့ ကျောင်းကောင်စီနဲ့ မိဘဆရာ အသင်း ပူးပေါင်းဆောင်ရွက်လိုက်ရင် ကလေးတွေရဲ့စိတ်စွမ်းရည်တွေဟာ ယဉ်ကျေးပြီးသား၊ ပြည်သူ့နီတိဆိုတဲ့ (Civics)က ပရစိတ်ရှိပြီးသား၊ အတ္တနည်းသွားမယ်။ ဒီတော့ သူတို့ကို ဘက်စုံဖွံ့ဖြိုးရေးလုပ်တာဟာ ကလေးအတွက် တော်တော်လေး အခွင့်အလမ်းတွေရတယ်။
ပညာ့ပန်းတိုင်
မျှော်မှန်းတဲ့ ကျောင်းကောင်စီအောက်မှာရှိတဲ့ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုအဖွဲ့မှာ စာပေနဲ့အသိဉာဏ် မြှင့်တင်ရေးအဖွဲ့ဆိုရင် ကျပန်းစကားပြောတို့၊ စကားရည်လုတို့၊ စကားဝိုင်းတို့၊ ရသစာပေဆွေးနွေးပွဲတို့ရှိတဲ့အတွက်ကလေးတွေဟာ စာဖတ်လာမယ်။ ကလေးတွေဟာ ကျောင်းစာအပြင် တကယ့်ပတ်ဝန်းကျင်ကို ဝင်လာကြပြီ။ အခု ပန်းချီ၊ ဂီတ၊ အားကစားတွေ အကုန်လုံးပေးတယ်။ အဲဒီမှာဆိုရင် ကာယပညာနဲ့ အားကစားအဖွဲ့ရှိတယ်။ လေ့လာရေးနဲ့ ဗဟုသုတရှာမှီးတဲ့အဖွဲ့ရှိတယ်။ အားကစား နဲ့ ကာယပညာရှိတယ်။ ကွန်ပျူတာနဲ့ (ICT)နည်းပညာ ရှိတယ်။ အဲဒီဖွံ့ဖြိုးရေးအဖွဲ့တွေရဲ့ စွမ်းရည်မြှင့်တင်ဖို့မိဘက ဝင်ပူးပေါင်းလိုက်ရင် ကလေးတွေဘဝက တကယ့်ကို ကျောင်းစာတစ်ခုတည်း မဟုတ်ဘဲနဲ့ နိုင်ငံတော်က လိုလားတဲ့ နိုင်ငံ့သားကောင်းအစစ်တွေ ဖြစ်လာမယ်။ မိဘဆရာအသင်းရဲ့ စွမ်းဆောင်ရည်မြင့်ရင် မြင့်သလောက် ကျောင်းကဖွံ့ဖြိုးပါတယ်။ ကျွန်တော်တို့ မျှော်မှန်းတာက မိဘဆရာအသင်း တစ်ခုတည်းနဲ့တော့ ကျောင်းကြီးဖွံ့ဖြိုးမှုကို အာရုံပြုပြီးတော့ ဇောင်းမပေး နိုင်ဘူး၊ ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်း မိတ်ဖက်အဖြစ်နဲ့ပူးပေါင်းပြီး စုပေါင်းအားနဲ့လုပ်ရင် တိုင်းပြည်ကောင်းမယ်ဆိုရင် ကလေးတွေကို နိုင်ငံ့သားကောင်း၊ တကယ့်ပညာလည်း တတ်တယ်၊ စိတ်လည်းလှတဲ့ကလေးတွေ လေ့ကျင့်ပေးတဲ့ ပညာရေး ဖြစ်ရင် နိုင်ငံတော်ကမျှော်မှန်းတဲ့ ပညာ့ပန်းတိုင်ဖြစ်ပါတယ်လို့ ဆွေးနွေးချင်ပါတယ်။
ဒေါ်စန်းစန်းရီ။ ။ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘ၊ ဆရာ၊ ရပ်ရွာ၊ လူထုတွေက ဘယ်လိုကူညီနိုင်မလဲဆိုတော့ ကူညီလို့ရတယ်။ တကယ်ကူညီလို့တကယ် ဖြစ်လာတာတွေလည်း သာဓကအများကြီး ရှိပါတယ်။ ခုဆိုရင် ကျောင်းတွေကို အများကြီးတိုးဖွင့်တဲ့ကာလ ဖြစ်တယ်။ အရင်တုန်းကဆိုရင်လည်းပဲ တွဲဖက်အထက်တန်းကျောင်းတွေဆိုတာရှိခဲ့တယ်။ တွဲဖက်အထက်တန်းတွေမှာ ကိုးတန်း၊ ၁၀ တန်း ကလေးတွေကို ပညာသင်ခဲ့တဲ့ ကာလတုန်းက မိဘဆရာအသင်းတွေ ဦးဆောင်ပြီး အဲဒီကျောင်းမှာ ကလေးတွေ ပညာသင်ကြားခွင့်ရအောင် ဆရာတွေ ရှာဖွေတာကစပြီးတော့ ပူးပေါင်းပြီး ပါဝင်ခဲ့ကြတယ်။ အခု ဒီခေတ်ကျတော့ ကျောင်းတွေအများကြီး အဆင့်တွေတိုးတယ်။ အဆင့်တိုးတဲ့အချိန်မှာ မိဘဆရာ အသင်းတွေနဲ့ ရပ်ရွာတွေ ပေါင်းပြီးတော့ ကိုယ့်ရဲ့ ရပ်ရွာ၊ ကိုယ့်ရဲ့အနေအထား၊ ဝေးလံခက်ခဲတဲ့ဒေသတွေ၊ တကယ် ကျောင်းအဆင့်တိုးဖို့လိုတဲ့ ဒေသတွေမှာဆိုရင် မိဘဆရာ အသင်းတွေဟာ ပူးပေါင်းပြီးတော့ ကျောင်းအဆင့်တိုးတဲ လုပ်ငန်းတွေ ကိုယ့်ကျောင်းမှာ ဆောင်ရွက်ပေးလို့ရတယ်။
ပညာရည်ဖွံ့ဖြိုးတိုးတက်ဖို့
ကိုယ့်ကလေးတွေရဲ့ ပညာရည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘဆရာအသင်းတွေဟာ ပူးပေါင်းပြီးတော့ အခုလည်းပဲ နိုင်ငံတော်က ဆရာတွေခန့်တယ်။ ခန့်တယ်ဆိုပေမယ့် အချိုးမညီတဲ့အတွက် လိုအပ်ချက်တွေရှိနေပါတယ်။ အဲဒီလို အပ်ချက်တွေ ရှိနေတဲ့နေရာတွေမှာ မိဘတွေက ပူးပေါင်းပြီး ကလေးတွေ ပညာရပ်အပြည့်အဝရဖို့အတွက် ဆရာ ဆရာမတွေကို ရှာပေးပြီးတော့ ကလေးတွေပညာပြည့်အောင်လုပ်တာ ရှိပါတယ်။ ကလေးတွေ ပညာအရည်အသွေး တိုးတက်ဖို့မှာလည်း မိဘဆရာအသင်း ပူးပေါင်းပါဝင်လို့ရတယ်။ မိဘဆရာအသင်းနဲ့ ပူးပေါင်းပြီးတော့ ကျောင်းရဲ့ဥပဓိရုပ်တွေ တိုးတက်ဖို့အတွက် လည်း ပူးပေါင်းပါဝင်ပေးလို့ရတယ်။ မိဘဆရာအသင်းတွေကပဲ လက်ရှိပညာရေး အခြေအနေအရ အခြေခံပညာ အလယ်တန်း အဆင့်ပြီးရင် အခြေခံပညာ အထက်တန်းအဆင့်ကို ရောက်တဲ့အချိန်မှာ ကလေးတွေဟာ သူ့ရဲ့စိတ်ကြိုက်ဘာသာတွဲတွေ ရွေးချယ်ခွင့် ရှိလာကြတယ်။ အဲဒီရွေးချယ်ခွင့်မှာ ကိုယ်ရည်ကိုယ်သွေးပြမယ့်အဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့မှာလည်း မိဘဆရာအသင်းတွေ ပါဝင်ပြီးတော့ ကလေးတစ်ယောက်သည် ကိုယ်နဲ့ကိုက်ညီသော ဘာသာတွဲကို ရွေးချယ်ဖို့အတွက် မိဘဆရာအသင်းက ပူးပေါင်းပြီးတော့ ပါဝင်ဆောင်ရွက်လို့ ရပါတယ်။ ကလေးတွေကျောင်းမထွက်ရေး၊ ကျောင်းနေနှုန်း မြင့်မားရေးတွေ အကုန်လုံး ပူးပေါင်းဆောင်ရွက်လိုက်ရင်တော့ ကျောင်းရဲ့ပညာရေးဟာ တကယ်ပဲတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပါဝင်ဆောင်ရွက်လို့ရတဲ့ အရာတွေပါ။
အစီအစဉ်မှူး။ ။ အခုနောက်ဆုံးမေးခွန်း အနေနဲ့မိဘဆရာအသင်းနဲ့ပတ်သက်ပြီး အများပြည်သူတွေ ဘယ်လိုအချက်တွေကို သိသင့်လဲဆိုတာကို ဆရာကြီးတို့အနေနဲ့ နိဂုံးချုပ် ပြောကြားပေးစေလိုပါတယ်။
ဒေါက်တာတင်ညို။ ။ ရည်ရွယ်ချက် မြင့်မြင့်မားမားပေါ့။ ကောင်းကောင်းမွန်မွန်နဲ့ ပညာရေးကို တိုးတက်နိုင်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တစ်ခုကို ပိုပြီးတော့ စုစည်းနိုင်အောင် နည်းလမ်းရှာတဲ့နေရာမှာ ခုနကပြောသလို မိဘများများ ကျောင်းကိုပြန်လည်ပြီးတော့ ရောက်လာနိုင်အောင်၊ လာရောက်ပြီးတော့ လေ့လာနိုင်အောင်၊ ကူညီနိုင်အောင် အဲဒီလို နည်းလမ်းတွေ များများချဲ့ထွင်ပေးခဲ့မယ်ဆိုရင် ကျောင်းနဲ့မိဘ ပိုပြီးတော့ စုစည်းသွားမှာဖြစ်ပါတယ်။ စုစည်းသွားခဲ့ရင် ဒီကျောင်းကို သူတို့မြင်သွားခဲ့ရင် ဘာလုပ်ရမလဲဆိုတာ သူတို့သိသွားမယ်၊ ဘာတွေကူညီပေးရမယ်ဆိုတာ သိသွားမယ်။ နောက်တစ်ခါ ကိုယ့်ကျောင်းနဲ့ ပတ်သက်တဲ့ ကလေးတွေရဲ့ အောင်မြင်မှုကို သူတို့ဂုဏ်ယူသွားမယ်။ အဲဒီတော့ ကျောင်း၊ ကလေးနဲ့မိဘ အဲဒီလိုအချိတ်အဆက်လေး ရှိသွားခဲ့ရင်တော့ အခုရည်မှန်းထားတဲ့ မိဘဆရာအသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပညာရေးဟာ ပိုမိုပြီးတော့ တင့်တင့်တယ်တယ် အောင်အောင်မြင်မြင် ဖြစ်မယ်ဆိုတာကိုတော့ လုံးဝယုံကြည်ပါတယ်လို့ ပြောချင်ပါတယ်။
ဦးအေးကြိုင်။ ။ မိဘတွေအားလုံးပါဝင်နိုင်တဲ့ အခွင့်အလမ်းကိုဖန်တီးရင် ကျောင်းဟာ ပိုပြီး တော့ လှုပ်ရှားသက်ဝင်လာမယ်။ ကလေးတိုင်းရဲ့ ဖွံ့ဖြိုးမှုကိုမိဘတိုင်းရဲ့ ကူညီပူးပေါင်းမှုကိုရစေချင်လို့ အစအဖွင့်မှာ ဆရာမကြီး ဒေါ်စန်းစန်းရီဖွင့်ခဲ့တဲ့ တံဆိပ်လေးနဲ့ ကျွန်တော်ပြန်ချုပ်ချင်ပါတယ်။ ကျွန်တော်တို့ အဲဒီစက်ဝိုင်းဟာ ပညာ့စက်ဝိုင်းပါ။ တကယ့်တစ်နိုင်ငံလုံးရဲ့ ပညာရေးကို ဗဟိုပြုတဲ့ စက်ဝိုင်းရဲ့အလယ်မှာ ပညာရေးတြိဂံဆိုတာ မိဘရယ်၊ ဆရာရယ်ပူးပေါင်းမှ ကလေးပညာရေးကောင်း ဆိုပြီး အလယ်မှာပညာလို့ ရေးထားတယ်။ ပညာဆိုသည်မှာ အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်တွေ လုပ်သင့်၊ မလုပ်သင့်ဆိုတာကို ချင့်ချိန်တာကို ပညာလို့ခေါ်တယ်။ ကျွန်တော်တို့ရဲ့နိုင်ငံမှာ စာဆိုတာထက် ပညာကိုရချင်တယ်။ ဘွဲ့တို့၊ အမှတ်တို့ဟာ သညာတွေ၊ ပညာဆိုတဲ့စကားရပ်ဟာ ကလေးနှလုံးသားမှာ တစ်ဘဝလုံးပါသွားစေချင်တယ်။ ဒါကြောင့် မိဘဆရာအသင်းရဲ့ စွမ်းဆောင်ရည်မြင့်မယ်ဆိုရင် ဒီတံဆိပ်လေးဟာ တော်တော်လေးတန်ဖိုးရှိပါတယ်။ ပညာ့အရောင်အဝါ ရောင်ခံပြီးတော့ ပညာရေးတြိဂံနဲ့ လုပ်ထားတော့ တစ်နိုင်ငံလုံး ဖွံ့ဖြိုးဖို့အတွက် “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော် တည်ဆောက်မယ်” ဆိုရင် ကျောင်းတွင်းဗဟိုပြုတဲ့ မိဘဆရာအသင်းရဲ့ စွမ်းဆောင်ရည်မြင့်ဖို့ လိုအပ်ပါတယ်။ မိဘဆရာအသင်းကို ပံ့ပိုးတဲ့ကျောင်းတွေမှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့ စွမ်းအားမြှင့်ဖို့လည်း လိုပါတယ်။ အဲဒီလိုပေါင်းရင် ပညာရေးဝန်ကြီးဌာနက မျှော်မှန်းတဲ့၊ နိုင်ငံတော်ကမျှော်မှန်းတဲ့ နိုင်ငံ့သားကောင်းတွေ ရရှိမယ်လို့ ကျွန်တော်တို့ ဆရာကြီး ဆရာမကြီး တစ်ဖွဲ့လုံးက မျှော်မှန်းပါကြောင်း ပြောကြားလိုပါတယ်။ ။
(သတင်းအဖွဲ့)