ပေါက် ၂၃ မတ်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ စည်းရုံးရေးမှူးများအား စတုတ္ထစက်ဝန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မီးလင်းရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ အခြေခံလျှပ်စစ်သွယ်တန်းခြင်းဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က လူထုဗဟိုပြုစီမံကိန်း စတုတ္ထစက်ဝန်းဖြင့် ပေါက်မြို့နယ်အတွင်းရှိကျေးရွာများတွင် ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းခွဲ (၂၇၃)ခုအနက် မီးလင်းရေးလုပ်ငန်းမှာ (၈၂) ခု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးကင်းလုံခြုံစွာဆောင်ရွက်နိုင်ရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် သင်ကြားပို့ချပေးမည့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနန်းဦးက လျှပ်စစ်သွယ်တန်းခြင်း လုပ်ငန်း များဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဘေးကင်းလုံခြုံစွာစီမံ ဆောင်ရွက်နိုင်ရေး သင်ကြားပို့ချ ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ပေါက်မြို့နယ် နည်းပညာအဖွဲ့ခေါင်းဆောင်းများ၊ လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်း ပညာမှူး (၆၅)ဦးတက်ရောက်ခဲ့ပြီး တစ်ရက်ကြာသင်ကြားပို့ချပေးသွားဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


