မန္တလေး ၁ ဇွန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI)နှင့် ညီနောင်အသင်းများပူးပေါင်း၍ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်(၇)မြို့နယ်ရှိ အခြေခံလူတန်းစားများအတွက် အအခြေခံစားသောက်ကုန်များအားလျှော့ဈေးဖြင့် တတိယကြိမ်မြောက် ရောင်းချ ပေးသွားမည် အဆိုပါ အသင်းမှ သိရသည်။
ကိုဗစ်ကာလမှာ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်ပြီး အခြေခံစားသောက်ကုန်များအား လျော့ဈေးဖြင့် တတိယအကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ ကာလတန်ဖိုး (၆၇၀၀)ကျပ်ခန့်ရှိပြီး ကုန်ပစ္စည်း(၉)မျိုး ပါဝင်တဲ့ Package တစ်ခုလျှင် ငွေကျပ်(၂၀၀၀)နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ တစ်မြို့နယ်လျှင် Package (၁၀၀၀)ခု ဖြင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်(၇)မြို့နယ်အတွက် Package (၇၀၀၀) ခု ရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် Package တစ်ခုနှုန်းဖြင့်သာ ဇွန်လ(၆)ရက်တွင် စတင်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။
ရောင်းချပေးမည့် Package တစ်ခုတွင် ပါဝင်သော အခြေခံစားသောက်ကုန်ပစ္စည်း(၉)မျိုးမှာ ပဲဆီသန့်(၁၅) ကျပ်သား၊ ဆန်(၁)ပြည်၊ လက်ဖက်ပဲကြော်(၆)ထုပ်၊ ငရုတ်သီးမှုန့်(၁)ထုပ်၊ ကုလားပဲ(၅၀)သား၊ကြက်ဉ(၆)လုံး၊ Reusable Mask(၃)ခု၊Hand Gel Sanitizer တစ်ဘူးနှင့် ကြက်သွန်နီ(၁)ပိဿာ တို့ဖြစ်ပြီး ကာလတန်ဖိုးငွေကျပ်(၆၇၀၀)ခန့်အား လျော့ဈေး ငွေကျပ်(၂၀၀၀)နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


