တောင်ကြီး ၁၁ ဧပြီ

 

မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း အခြေခံလူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီသည့် ပစ္စည်း(၅)မျိုးဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီတို့ကို ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်၊ မြို့နယ်များရှိ အိမ်ထောင်စုဝင်များအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်၊ မြို့နယ်များတွင် ပစ္စည်း(၅)မျိုးဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီတို့ကို ဖြန့်ဝေရန်အတွက် လျာထားအိမ်ထောင်စုပေါင်း (၁၁၃၃၇၃)စု ရှိပြီး အိမ်ထောင်စု (၇၀၄၀)စုကို ဖြန့်ဝေထားပြီးဖြစ်သည်။ ဆက်လက် ဖြန့်ဝေရန်အတွက် အိမ်ထောင်စုပေါင်း (၁၀၆၃၃၃)စု ကျန်ရှိနေကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ကူညီရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အပြင် တောင်ကြီးခရိုင်တွင် (၅)မြို့နယ်၊ လွိုင်လင်ခရိုင်တွင် (၇)မြို့နယ်၊ လွိုင်လင်ခရိုင်တွင် (၄)မြို့နယ်၊ လားရှိုးခရိုင်တွင် (၅)မြို့နယ်၊ မူဆယ်ခရိုင်တွင် (၃)မြို့နယ်၊ ကျောက်မဲခရိုင်တွင် (၄)မြို့နယ်၊ မိုးမိတ်ခရိုင်တွင် (၂)မြို့နယ်၊ ကျိုင်းတုံခရိုင်တွင် (၄)မြို့နယ်၊ တာချီလိတ်ခရိုင်တွင် (၃)မြို့နယ်၊ မိုင်းဆတ်ခရိုင်တွင် (၂)မြို့နယ် ရှိကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)