မုံရွာ ၁၀  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မုံသွင်ကျေးရွာသည် နိုင်ငံတော်က အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၈ ပြည်၊  ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲတစ်ပိဿာနှင့် ကြက်သွန် တစ်ပိဿာ စုစုပေါင်း ထောက်ပံ့ကူညီမှု ငါးမျိုးကို မုံသွင်ကျေးရွာ တစ်ရွာလုံး မယူကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က ပြောကြားသည်။

 

mdn

 

မုံသွင်ကျေးရွာတွင် အိမ်ထောင်စု ၄၅၀၊ လူဦးရေ ၂၄၀၀ ကျော်ရှိကြောင်း၊ စပါး၊ နှမ်း၊ ပဲအမျိုးမျိုးတို့ လည်း ရာသီအလိုက် နှစ်စဉ်ရရှိကြောင်း၊ တောင်ယာလုပ်ကိုင်သူ ၆၅ ရာခိုင်နှုန်းထိ ရှိသည့်အတွက် ထောက်ပံ့မှုများကို မယူရခြင်းဖြစ်ပါကြောင်း၊ ကျေးရွာအတွင်း အခြေခံစားသောက်ကုန်များ လိုအပ်မှုရှိလာပါက ရွှေကျောင်း ဆရာတော် ဦးကုဏ္ဍလ၊ မဟာမာလာရုံကျောင်း ဆရာတော် ဦးရာဇိန္ဒနှင့် ဘုန်းကြီးကျောင်း ခြောက်ကျောင်းမှ ဆရာတော်၊ သံဃာတော်များ၏ လမ်းညွှန်မှုဖြင့် ဘုန်းကြီးကျောင်းတွင် ရှိသည့် ဆန်၊ ဆီ၊ ဆား များနှင့် ကျေးရွာမှ စားဝတ်နေရေး ပြေလည်သူများ၏ လှူဒါန်းမှုများဖြင့် အစိုးရက ထောက်ပံ့သကဲ့သို့ ပြန်လည် ထောက်ပံ့ပေးမည် ဖြစ်သည့်အတွက် တစ်ရွာလုံး မယူခြင်းဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးမောင်နိုင်က ပြောသည်။

 

မိမိတို့အနေဖြင့် နိုင်ငံတော်အား အုတ်တစ်ချပ်၊ သဲတစ်ပွင့် အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ကြက်သွန်များကို မယူရခြင်းဖြစ်ပါကြောင်း၊ အစိုးရက ချမ်းသာ၍ ထောက်ပံ့တာ မဟုတ်သည့်အတွက် မိမိတို့ရွာထက် ဆင်းရဲသည့်ရွာများကို ရစေချင်သည့်ဆန္ဒဖြင့် ထောက်ပံ့မှုများ ကို တစ်ရွာလုံး မယူခြင်းဖြစ်ပါကြောင်း မုံသွင်ကျေးရွာ၌ နေထိုင်သူ ဦးဖိုးကြည် (ခ) ဦးသိန်းဝင်းက ပြောကြားသည်။

 

မွှေးကြူဇင်