နေပြည်တော် ဇန်နဝါရီ ၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဉီးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အနေဖြင့် ‌ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေး သည် အဓိက ကျပါကြောင်း၊ ကော်မရှင်အနေဖြင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဗဟိုကော်မတီ က ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင် စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီး ဖြစ်ပါကြောင်း။

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် မဲရုံအလိုက်ပြုစုရမည် ဖြစ်ပါကြောင်း၊ မဲရုံ အလိုက်မဲစာရင်းများပြုစုရာ၌ မဲရုံတွင်မဲပေးရမည့် နယ်မြေသတ်မှတ်ချက်အတိုင်း ပြုစုရပါကြောင်း၊ နယ်မြေသတ်မှတ်သည့်အခါတွင်လည်း မဲဆန္ဒရှင်များ၏ နေရပ်လိပ်စာအပေါ်အခြေခံပြီး ခွဲဝေသတ်မှတ်ခြင်း ဖြစ်ပါ‌ကြောင်း၊  နယ်မြေသတ်မှတ်ချက်တွင် ပါဝင်သည့် အိမ်ထောင်စုအားလုံးသည် အစီအစဉ် တကျပါဝင်ရန် လိုအပ်ပါကြောင်း၊ အစီအစဉ်တကျပါဝင်ရန်အတွက် အိမ်ထောင်စုအမှတ်စဉ်များ လိုအပ်ပါကြောင်း၊ အိမ်ထောင်စုအမှတ်စဉ်များသည် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ အိမ် အမှတ် ၊ လမ်း ၊ နယ်မြေ / အပိုင်း / ရွာခွဲများ အလိုက် အစီအစဉ်တကျ ဖြစ်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်၍ အိမ်ထောင်စုအမှတ်စဉ်များကို နေရပ်လိပ်စာအစဉ်အတိုင်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက ဖြည့်သွင်းဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ဆောင်ရွက်ရာတွင် ကော်မရှင်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့သည် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လူဦးရေစာရင်းများကို မြေပြင်စိစစ် အတည်ပြုနိုင်ရေး စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံမှလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ တောင်းခံသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး က မြေပြင်စိစစ် အတည်ပြုနိုင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ တင်ပြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးလမ်း ညွှန်မှုပြုသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး က အခြေခံလူဦးရေ စာရင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်၊ တွေ့ရှိချက်များနှင့် လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် အီလက်ထရောနစ် မှတ်ပုံတင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များအပေါ် ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သတ်မှတ်မဲရုံအလိုက် မဲစာရင်း ပြုစုရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ အိမ်ထောင်စုအမှတ်စဉ်များ သတ်မှတ်ဖြည့်သွင်းနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများမှ ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်