မန္တလေး ၁၆ မတ်
မန္တလေးမြို့တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပြောင်းလဲသင်ကြားမည့် အခြေခံပညာ မူလတန်းအဆင့် Grade-4 သင်ရိုးသစ် တိုင်းဒေသကြီးအဆင့်သင်တန်းအား Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဖွင့်လှစ်မည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါသင်တန်းကို ယခင်က မန္တလေးမြို့၌ မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ ၁၄ ရက်ကြာ ဖွင့်လှစ်ရန် သတ်မှတ်ကြေညာထားပြီး သင်တန်းသို့ မန္တလေးတိုင်းဒေသကြီး ၂၈ မြို့နယ်မှ သင်တန်းသား ဆရာ၊ ဆရာမပေါင်း ၂၆၀ နှင့် နည်းပြ ၂၈ ဦး တက်ရောက်ကြမည်ဖြစ်သော်လည်း ယခုကာလအတွင်း ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ရက်ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်က ပြောသည်။
''ကျွန်တော်တို့ မန္တလေးမြို့မှာ တိုင်းဒေသကြီးအဆင့် ဖွင့်လှစ်မယ့် Grade-4 သင်ရိုးသစ်သင်တန်းကို Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးတဲ့အနေနဲ့ မူလသတ်မှတ်ရက်မှာ မဖွင့်ဖြစ်တော့ပါဘူး။ ဖုန်းနဲ့ အရင် ညွှန်ကြားတာပါ။ ဒါ့အပြင် မန္တလေးမြို့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဧပြီလ ၂၁ ရက်မှာစပြီး ဖွင့်လှစ်မယ့် Grade-7 သင်ရိုးသစ်သင်တန်းကိုလည်း သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်နိုင်ခြင်း ရှိ၊ မရှိကို Grade-4 နဲ့အတူ ညွှန်ကြားချက်ပေါင်းထွက်မယ်လို့ အခြေခံပညာဦးစီးဌာန (ရုံးချုပ်)က ပြောပါတယ်'' ဟု ၎င်းက ပြောသည်။
လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် Grade-4, Grade-7 နှင့် Grade-10 ကျောင်းသားကျောင်းသူများအတွက် သင်ရိုးသစ်များဖြင့် ပြောင်းလဲသင်ကြားနိုင်ရန် သင်တန်းများကို ယခင်က Grade-4 သင်ရိုးသစ်အတွက် တိုင်းဒေသကြီးအဆင့် သင်တန်းကို မန္တလေးမြို့တွင် မတ် ၂၃ ရက်မှ ဧပြီ ၈ ရက်အထိ လည်းကောင်း၊ Grade-7 သင်ရိုးသစ်သင်တန်းကို မန္တလေးမြို့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဧပြီ ၂၁ ရက်မှ မေ ၅ ရက်အထိလည်းကောင်း၊ Grade-10 သင်ရိုးသစ်အတွက် သင်တန်းကို ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဧပြီ ၂၁ ရက်မှ မေ ၅ ရက်အထိ လည်းကောင်း ဖွင့်လှစ်ပို့ချရန် သတ်မှတ်ကြေညာထားခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


