သထုံ ၃၁ ဇူလိုင်
မွန်ပြည်နယ်၊ သထုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ဇူလိုင် ၃၁ ရက်၊ မွန်းလွဲပိုင်း၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းသင်တန်း(၂/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်မှူး ဦးဌေးဝင်းက မွန်ပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့် စိတ်ဝင်စားသူများကို ငါးမွေးမြူခြင်းလုပ်ငန်းနှင့် ပတ်သတ်၍ စာတွေ့နဲ့လက်တွေ့ စဉ်ဆက်မပြတ် လက်ဆင့်ကမ်း သင်ကြားပေးနေပါကြောင်း၊ သိရှိခဲ့သည့် နည်းစနစ်များကို လက်ဆင့်ကမ်းဖြန့်ဝေပေးခြင်းဖြင့် အကျိုးပြုဆောင်ရွက်စေလိုပြီး မိမိတို့ဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်လာသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၉ ရက်နေ့မှ ၃၁ ရက်အထိ သုံးရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်တက္ကသိုလ် သတ္တဗေဒဌာနမှ နည်းပြများ၊ ကျောင်းသားကျောင်းသူများ၊ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးမွေးမြူရေးစိတ်ပါဝင်စားသူ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)