နေပြည်တော်၊ နိုဝင်ဘာ ၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင်ဆောင်ရွက် ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အ.ထ.က(၇)နေပြည်တော်၊ အ.ထ.က(၉) နေပြည်တော်၊ အ.ထ.က(၁၀)နေပြည်တော်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများကို ယနေ့ မွန်းလွဲပိုင်း တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လေ့လာရေးခရီးစဉ်အဖြစ် စီစဉ်ဆောင်ရွက်ပေးသည်။
ဦးစွာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှတ်တမ်း (မော်ကွန်းသစ်) ဗွီဒီယိုပြသခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန Fitness Dance သရုပ်ပြအဖွဲ့မှ သရုပ်ပြသခြင်းနှင့် ကျောင်းသား လူငယ်များအား အဖွဲ့များခွဲ၍ နည်းပြများနှင့်အတူ Fitness Dance စုပေါင်းကစားခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ မြန်မာ့ အားကစားလှုပ်ရှားမှုများပြခန်း (အားကစားပြတိုက်နှင့်ပြခန်း)ကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း၌ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သော မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားခဲ့မှု များကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
(သတင်းစဉ်)