ရန်ကုန် ဇန်နဝါရီ ၁
အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၄) သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် ဦးစိုးတင့်က “ဗလငါးတန်နှင့်ပြည့်စုံပြီး အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးကို စဉ်းစားဝေဖန်ပိုင်ခြားနိုင်စွမ်းရှိသော ဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာပြီး စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံသားကောင်းများ ဖြစ်လာစေရန် လူငယ်များကို ပြုစုပျိုးထောင်ပေးရမည်မှာ ဆရာ ဆရာမများ၏ တာဝန် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အထည်ဖော်ရာတွင် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းအမိန့် ညွှန်ကြားချက်များနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး (၃၀) ပါ အချက်များကို လိုက်နာစောင့်ထိန်းကာ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်” သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၄)သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၃၆၉ ဦး စုစုပေါင်း ၄၀၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်