ရန်ကုန် ဒီဇင်ဘာ ၁၉
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၈) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက “နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး အခြေခံ ပညာရေးနှင့် စပ်လျဉ်းသော ဗဟုသုတများအပြင် နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီး စည်းလုံးညီညွတ်မှုရရှိပြီး ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆတက်ထမ်းပိုး ကြိုးပမ်းကြရန်” သင်တန်းဆင်း အမှာစကား ပြောကြားပြီး ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ကာ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၈)သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၃၆၃ ဦး စုစုပေါင်း ၃၉၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


