နေပြည်တော် ဩဂုတ် ၂၃

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၆)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် သူရဦးဘိုနီ၊ ဥက္ကဋ္ဌရုံးညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အမှာစကားပြောကြားရာတွင် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်ပညာ၊ အသိပညာနှင့် ပြည့်စုံသော ပညာတတ် လူ့စွမ်းအား အရင်းအမြစ်များ ခိုင်မာအားကောင်းရေးသည် အလွန်အရေးကြီးသဖြင့် ကျောင်းသားလူငယ်များ၏ စဉ်းစားတွေးခေါ်ဉာဏ် ရင့်သန်စေရေး၊ ဆန်းသစ်သည့်အယူအဆ၊ အတွေးအခေါ်များနှင့် ကြိုးစားအားထုတ်နိုင်စေရေး သွန်သင်လမ်းပြကြရန်လိုကြောင်း။

 

ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့် ပြည့်ဝပြီး အသိဉာဏ်ပညာဖြင့် ပြည့်စုံသည့် ပညာတတ်လိမ္မာယဉ်ကျေးသည့် မျိုးဆက်သစ်များ ဖြစ်အောင် ဒုတိယမိဘသဖွယ် စိတ်မှာထားပြီး ဂရုတစိုက် သင်ကြားပျိုးထောင် စေလိုပါကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ရရှိခဲ့သည့် သင်ခန်းစာများကို လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး အနာဂတ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်ဓာတ်ရှိသော၊ အမျှော်အမြင်ရှိသော မျိုးဆက်သစ်များ၊ လူစွမ်းအားအရင်းမြစ်များ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ အတူလက်တွဲ၍ ဘက်စုံပညာရေးအရှိန်ဖြင့် မြှင့်တင်သွားကြရန် တိုက်တွန်းမှာကြားသည်။

 

အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ အခြေခံ ဆရာ၊ ဆရာမ သင်တန်းသား (၇၃)ဦး၊ သင်တန်းသူ (၃၁၅)ဦး၊ စုစုပေါင်း (၃၈၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၅)ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်