မက်မန်း ၁၄ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ် ဆွတ်ဝိုး ကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့်က အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အခြေခံပညာအလယ်တန်းကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
ပထမဦးစွာ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်သီဆိုပြီး ကျောင်းအဆင့်တိုးမြှင့်ခြင်း ဆိုင်းဘုတ်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းမြင့် တို့က အဆိုပါ ကျောင်းဆိုင်းဘုတ်ရှေ့၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကျောင်းဆောင်၌ အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းမြင့်က ကျောင်းအဆင့်တိုးခြင်း၊ ကျောင်းသမိုင်း အကျဉ်းနှင့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြန်လည် ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ကျောင်းသားကျောင်းသူများက တိုင်းရင်းသားရိုးရာ အကဖြင့် ဖျော်ဖြေတင်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အခြေခံပညာ ကျောင်းပေါင်း (၁၄၅)ကျောင်းကို အဆင့်တိုးမြှင့်ပေးခဲ့ရာ မက်မန်းမြို့နယ် တွင် အလကခွဲ မှ အလက အဖြစ် (၂)ကျောင်း၊ မူလွန်ကျောင်း မှ အမကကျောင်းအဖြစ် (၁)ကျောင်း၊ အမကခွဲ မှ အမကကျောင်းအဖြစ် (၃)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးကျောင်းမှ အမကခွဲကျောင်းအဖြစ် (၄)ကျောင်း၊ စုစုပေါင်း ကျောင်း ၁၀ ကျောင်းကို အဆင့် တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)