နေပြည်တော် မေ ၅

 

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ ခရိုင်(၅၀)ရှိ အခြေခံပညာ အထက်တန်းကျောင်း (၅၁)ကျောင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြားမည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံရှင်းလင်းပွဲကိုယမန်နေ့မွန်းတည့်၁၂နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း(ကျုံး) စုဝေးခန်းမတွင် ကျင်းပသည်။

 

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း က အဖွင့်အမှာ စကားပြောကြားသည်။

 

ထို့နောက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် စပ်လျဉ်းသည့် အချက်လက်များကို ရှင်းလင်းပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ အလယ်တန်းအဆင့် (Grade 9) အောင်မြင် ပြီးမြောက်သော ကျောင်းသား၊ ကျောင်းသူများကို အထက်တန်းအဆင့် သင်ယူနေစဉ်ကာလတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် သက်မွေးဝမ်း ကျောင်းအတတ်ပညာများကို ရွေးချယ်သင်ယူ တက်မြောက်နိုင်မည့်အခြေ အနေများ၊ ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများ သိလိုသည့်မေးခွန်းများကို ရှင်းလင်းဖြေကြားသည်။  

 

အဆိုပါကျောင်းများတွင် စက်မှုနည်းပညာလမ်းကြောင်း အနေဖြင့် အဆောက်အဦ နည်းပညာ (Building Technology)၊ လျှပ်စစ်နည်းပညာ (Electrical Technology)နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာ (Machining Technology) ဘာသာရပ်များကို ပညာသင်ကာလ (၃)နှစ်အတွင်း စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည် ဖြစ်ကြောင်းနှင့် အဆင့်မီ (Qualified) အောင်မြင်သူများသည် အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အထူးအောင် (Credit) အောင်မြင်သူများသည် နည်းပညာကောလိပ်နှင့် နည်းပညာတက္က သိုလ်များသို့ ဆက်လက်တက်ရောက် ပညာသင်ယူနိုင်ကြမည်ဖြစ်ပြီး အခြေခံပညာအထက် တန်းကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဘာသာရပ်များကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်သင်ကြားပေးသွား မည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့်(Grade 9) ပြီးမြောက်အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားတက်ရောက်နိုင်သည်။

         

ဆက်လက်၍ ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်း(ပေါင်လင်း)၌ ကျင်းပသော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာ အထက်တန်းကျောင်းများတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ တွဲဖက်ဖွင့်လှစ်မည့် အခြေနေများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းတို့က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းနှင့် စပ်လျဉ်းသော အချက်အလက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၏ သိလိုသည့်မေးခွန်းများကို ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)