နေပြည်တော် ၁၉ စက်တင်ဘာ
အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာရှိများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီ တွင် နေပြည်တော်ရှိ ရွိုင်ရယ်နေပြည်တော်ဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများ၏ ဘက်စုံအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်လျက်ရှိပါကြောင်း၊ ပိုမို ကောင်းမွန်သော စီမံခန့်ခွဲမှု နှင့်ထိရောက်သော ဦးဆောင်မှုများသည် ကျောင်းများ အရည်အသွေး တိုးတက်ရေး အတွက် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် အမျိုးသားပညာ ရေးမဟာဗျူဟာစီမံကိန်းတွင် ကျောင်းစီမံခန့်ခွဲမှုနှင့် ဦးဆောင်မှု စွမ်းရည်မြှင့်တင်ရေးကို လုပ်ငန်းအစီအစဉ်တစ်ရပ်အနေဖြင့် သတ်မှတ် အကောင်အထည်ဖော်ခြင်းဖြစ်ပါ ကြောင်း။
၂၀၁၅ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ပညာရေးဝန်ကြီးများအဖွဲ့၊ ပညာရေး ဆန်းသစ်တီထွင်မှုနှင့် နည်းပညာအတွက် ဒေသဆိုင်ရာဗဟိုဌာန(SEAMEO-INNOTECH)က အရှေ့တောင်အာရှရှိ ကျောင်းအုပ်ကြီးများအတွက် တတ်ကျွမ်းမှု အညွှန်းဘောင်တစ်ရပ်ကို အတည်ပြုခဲ့ပါကြောင်း၊ အာဆီယံဒေသအတွင်းရှိ စွမ်းဆောင် ရည် မြင့်မားသော ကျောင်းအုပ်ကြီးများတွင် ရှိသင့်ရှိထိုက်သည့် ကျွမ်းကျင်မှု များနှင့် ပင်ကိုယ်အရည်အသွေးများကို ဖော်ထုတ်သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင် ကျောင်းအုပ်ကြီးများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်များ မရှိသေးသည့် အတွက် အာဆီယံနှုန်းများနှင့်ချိန်ထိုးကြည့်လျှင် ကွာဟချက်တစ်ခုလည်း ဖြစ်နေပြီး ဖြည့်ဆည်းရန် လိုအပ်ချက်ရှိနေပါကြောင်း၊
အညွှန်းဘောင်များ ရေးဆွဲပြုစုခြင်းသည် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေး ဝန်ထမ်းများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်များ ထားရှိဆောင်ရွက်ရန် ပထမဦးဆုံး ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ အညွှန်းဘောင်များကိုအဓိကအားဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များရေးဆွဲရန်အတွက် အသုံးပြုမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင်သင့်လျော်သည့် တာဝန်ခံမှုဆိုင်ရာနည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ ရှိလာသောအခါ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်မှုကိုလေ့လာကြီးကြပ် စစ်ဆေး အကဲဖြတ်ရန် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ အညွှန်းဘောင်သည် အခြေခံပညာ ကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာရှိများအတွက် လိုအပ်သော တတ်ကျွမ်းမှုစံနှုန်း များနှင့်အညီ စွမ်းဆောင်ရည်ပြည့်ဝစေရေးအတွက် သင့်လျော်သော အစီအစဉ်များ ချမှတ်ဖော်ဆောင်နိုင်ရေးအတွက် အသုံးပြုနိုင်မည့် မူဘောင်တစ်ခုလည်းဖြစ်ပါကြောင်း၊
ပညာရေးစီမံခန့်ခွဲသူများအနေဖြင့် မိမိတို့၏အတတ်ပညာ ဆိုင်ရာ အလေ့အထ များကို တိုးတက်ကောင်းမွန်စေရန် အားထုတ်လုပ်ဆောင်ရာတွင် ပံ့ပိုးပေးမည့် စာတမ်း တစ်ဆောင် ဖြည့်ဆည်းပေးခြင်းဖြင့် ပညာရေးစီမံခန့်ခွဲမှု အရည်အသွေး မြှင့်တင်ပေးရန် စသော ရည်ရွယ်ချက်များဖြင့် ပြုစုထားပါကြောင်း၊
ဦးဆောင်မှု၊ စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပင်ကိ်ုယ် အရည်အသွေးထက်မြက်မှု ဟူ၍ ကျွမ်းကျင်မှုနယ်ပယ်အားဖြင့် နယ်ပယ်(၅)ရပ် သတ်မှတ်ထားပါကြောင်း၊ အဆိုပါနယ်ပယ်(၅)ခုတွင် ကျောင်းအုပ်ကြီးများနှင့် ပညာရေး အရာရှိများ၏ စွမ်းဆောင်မှုအရည် အသွေးများဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အစီအစဉ်များချမှတ် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် UNICEF ဌာနေကိုယ်စားလှယ် Ms.JuneKunugiက နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် အညွှန်းဘောင်စာအုပ်များကို UNICEF ဌာနေကိုယ်စားလှယ် Ms.JuneKunugi က ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာရှိများအတွက် တတ်ကျွမ်းမှုစံသတ် မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ နောက်ခံအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးတိုးဝင်းက အညွှန်း ဘောင်နှင့်ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားသို့ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်နှင့် အမျိုးသား ပညာရေး အဆင့်အတန်း အကဲဖြတ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်း များမှကိုယ်စားလှယ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး များ၊ အညွှန်းဘောင် ရေးဆွဲပြုစုရေးအဖွဲ့ဝင်များ၊ ဆရာသမဂ္ဂ ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


