ဘားအံ ၁၃ ဇွန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ အမှတ်(၁)၊ အမှတ်(၅)နှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ တောင်ကလေးအထက်တန်းကျောင်း၊ အမှတ်(၄)နှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ ကိုဗစ်-၁၉ ကာလ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စာသင်ခန်းနှင့် ကျောင်းသား ဦးရေအချိုး၊ Social Distancing နှင့်အညီ တစ်ဦးနှင့် တစ်ဦး ၆ ပေစီခြား၍ စာသင်ကြားနိုင်ရေး၊ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသွားနိုင်ရေး၊ လက်ဆေးရန်နေရာနှင့် စနစ်တကျ သန့်စင်ခန်း အသုံးပြုနိုင်ရေးတို့အတွက် ပြင်ဆင်ထား ရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


