ရှင်နော်၊ ဓာတ်ပုံ - သန်းဝင်း (သန်လျင်)
မေလနောက်ဆုံးပတ်ဖြစ်သည့် မေလ ၂၅ ရက်မှ ၃၁ ရက်အထိကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားရာ မြို့တော်ရန်ကုန်တွင် နေထိုင်သူတို့အဖို့ မိသားစုရှိသူ အိမ်ထောင်ရှင်များကမူ သားငယ် သမီးငယ်တို့ ကျောင်းအပ်နှံရေးအတွက် သောကပွေရချိန်လည်း ဖြစ်သည်။
နိုင်ငံတော်၏ပံ့ပိုးမှုဖြင့် ကလေးငယ်များအတွက် ကျောင်းအပ်နှံရေး စိတ်အေးရပြီဖြစ်သော်လည်း အတန်းသစ်တက်မည့် ရင်သွေးငယ်များအတွက် ကျောင်းဝတ်စုံ၊ လွယ်အိတ်နှင့် ဆက်စပ်အသုံး အဆောင်ပစ္စည်းများကို ရန်ကုန်နေ မိဘတို့က နှစ်စဉ် အသစ်ဝယ်ယူပေးလေ့ရှိသည်။ ကျောင်းသား ကျောင်းသူလေးများအတွက် ကျောင်းအသုံးအဆောင်ပစ္စည်းများကလည်း နှစ်စဉ် ဈေးကျသွားသည်ဟူ၍မရှိ။ ကျောင်းအပ်နှံစဉ်ကပင် တစ်နှစ်တာစီးနင်းရမည့် စိတ်ချရသော ကျောင်းကားကို စုံစမ်းမေးမြန်းရင်း ကျောင်းကားအရှာထွက်ရသည်မှာ ရန်ကုန် မေမေတို့အတွက် အလုပ်တစ်ခုလိုဖြစ်နေသည်။
ကျောင်းအပ်ချိန် ကြုံတွေ့ရပြဿနာ
ရန်ကုန်မြို့တော်မှ အနယ်နယ်အရပ်ရပ်သို့ အလုပ်တာဝန်ဖြင့် သွားရောက်တာဝန် ထမ်းဆောင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများ၊ အနယ်နယ်အရပ်ရပ်မှ မြို့တော်ရန်ကုန်သို့ ပြောင်းရွှေ့အမှုထမ်းရသော ဝန်ထမ်းများ၏ သားသမီးများအတွက် ကျောင်းထွက်လက်မှတ် ရရှိရေးနှင့် ကျောင်းဝင်ခွင့်ရရှိရေးတို့မှာ ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ဖြေရှင်းရသော ပြဿနာများ ဖြစ်သည်။ မိမိရုံးချိန်နှင့် သားငယ်သမီးငယ်တို့၏ ကျောင်းချိန်သဟဇာတ ဖြစ်စေရန် အဖြေထုတ်ကြရသည်။ နေ့ဝက်ကျောင်းနှင့် တစ်နေကုန်ကျောင်း ရွေးကြရသည်။ ဤသည်တို့မှာ နှစ်စဉ်နှစ်တိုင်း ကျောင်းအပ်ချိန်ရောက်တိုင်း ကြုံတွေ့ရလေ့ရှိသော ကိစ္စရပ်များပင် ဖြစ်သည်။
ယခုပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူလေးများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အရက်၊ ဘီယာ၊ စီးကရက် မသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစားပေး ဆောင်ရွက်မည်ဟုဆိုသည်။ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို အသိပေးသွားမည့်အပြင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ ထို့အပြင် ကျောင်းသား ကျောင်းသူလေးများအတွက် ဂိမ်းစွဲလမ်းမှုကိုလည်း လျှော့ချပေးရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ မြေစမ်း ခရမ်းပျိုးတတ်စအရွယ် ကျောင်းသား ကျောင်းသူလေးများမှာ အတုခိုးမြန်တတ် ကြသည်။ အရက်၊ ဘီယာ၊ ဆေးလိပ်ဟူသော စွဲလမ်းစေတတ်သော မူးယစ်အရ သာကို ကျောင်းသားလူငယ်များ မသုံးစွဲစေရန် အထူးကြပ်မတ်ဖို့ အရေးကြီး လှသည်။
ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာအဆင့်မီ မြို့ကြီးတစ်မြို့အဖြစ် ထူထောင်ရန် ကျောင်းသား လူငယ်တို့သည် အဓိကကျလှသည်။ စည်းမျဉ်း စည်းကမ်းနှင့်အညီ ဥပဒေဘောင်အတွင်း နေထိုင်တတ်စေရန် သင်ကြားဖို့ အကောင်းဆုံးသည် ကျောင်းသား ကျောင်းသူများပင် ဖြစ်သည်။ ထို့အတွက် ကလေးငယ် ကျောင်းသား ကျောင်းသူများနှင့် နေ့စဉ်ထိတွေ့နေရသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသည် ဥပဒေစည်းမျဉ်းတစ်ရပ်လို သင်ကြားရန် အစပျိုးသင်ခန်းစာ ဖြစ်ပေသည်။ နိုင်ငံအတွက် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များဖြစ်လာစေရန် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကား လိုအပ်ပေသည်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်ရေး၊ အစားအသောက်၊ အနေအထိုင် စသည်တို့ကို လူငယ်ဘဝမှပင် ပျိုးထောင်ပေးသင့်သည်။ မြန်မာ့လှူအဖွဲ့ အစည်း၌ အသိဉာဏ် နည်းပါးမှုမှ ပေါ်ပေါက်လာတတ်သော ပြဿနာများမဖြစ်ပွားစေရန် မျိုးဆက်ပွား ကျန်းမာရေးသည် ဗဟုသုတတစ်ရပ်အနေဖြင့် ကလေးငယ်များ သင်ကြားရတော့မည် ဖြစ်သည်။
ဆရာ ဆရာမများ ပျော်ရွှင်မှ ကောင်းစွာသင်ကြားနိုင်မည်
ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း တွင် မေလ ၂၅ ရက် နေ့က ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကရင် ပြည်နယ်လုံးကျွတ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ကျောင်းအုပ်ကြီးများအနေနဲ့ ဆရာ ဆရာမများကို ကောင်းစွာ သင်ကြားသင်ယူ နိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် ဆရာ ဆရာမများ ပျော်ရွှင်မှသာ ကျောင်းသား ကျောင်းသူများကို ကောင်းစွာသင်ကြားပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
အရင်အချိန်က ရှေးလူကြီးမိဘများဟာ သားယောက်ျားလေးများကို ကျောင်းသွားအပ်တဲ့အခါမှာ “ဆရာ ကျွန်တော့်သား မကျိုးမကန်းရင် ပြီးရော၊ ကြိုက်သလိုဆုံးမပါ။ ဆရာကို အပ်ပါတယ်” ဟု ပြောကြားပြီး ဆရာသမားထံ အမိအဖတို့ကိုယ်တိုင် ရိုရိုသေသေ မိမိသားသမီးများကို အပ်နှံလေ့ရှိကြသည်။ ထိုစဉ်အချိန်များက ကျောင်းသား ကျောင်းသူများသည် စာပေနယ်တွင် ထူးချွန်သကဲ့သို့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းမွန်ကာ မိမိတို့၏ ပင်ကိုထူးချွန်သော စရိုက်များလည်း ပေါ်ထွက်လာခဲ့လေ့ရှိသည်။ နောက်ပိုင်းတွင် ဆိုဆုံးမသော ဆရာ ဆရာမများအပေါ် ဝင်ရောက်စွက်ဖက်မှုများစွာ ရှိခဲ့သည့်အတွက် မြန်မာ့ကျောင်း ပညာရေးမှာ အားနည်းချက် ဖြစ်ပေါ်ခဲ့ရသည်။
သို့ဖြစ်ရာ ရန်ကုန်မိဘများအနေဖြင့် မိမိသားသမီး လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူကောင်းများ ဖြစ်လာစေရန် စာပေသင်ကြားရေးနှင့်ဆရာ ဆရာမတို့၏ ဆိုဆုံးမမှုတို့တွင် ဝင်ရောက်မစွက်ဖက်သင့်ပေ။ သို့မှသာ စည်းမျဉ်းစည်းကမ်းနှင့်အညီ နေထိုင်တတ်သော နိုင်ငံ့သားကောင်းများကို ရန်ကုန်အခြေခံပညာကျောင်းများမှ မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
မြန်မာ့အလင်း