မကွေး ၄ စက်တင်ဘာ
အခြေခံပညာကျောင်းများတွင် ယင်လုံအိမ်သာနှင့် သုံးရေအလုံအလောက်မရှိခြင်း၊ သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ရေရှည်တွင် ကျောင်းနေကလေးများ ဆီးချုပ်၊ဝမ်းချုပ်ဖြစ်ပေါ်နိုင်ပြီး ယင်းကိစ္စကို ဖြေရှင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ် ထံမှ သိရသည်။
“လိုအပ်နေတဲ့ကိစ္စကို လွှတ်တော်မှာမေးတော့ ကျောင်းသားနဲ့အိမ်သာအချိုး တစ်အချိုးငါးဆယ်၊ ကျောင်းသားအယောက်ငါးဆယ်ကို အိမ်သာတစ်လုံး သတ်မှတ်ထားပြီး လိုအပ်ချက်ရှိရင် တင်ပြတောင်းခံဖို့၊ အိမ်သာသုံးပစ္စည်းတွေကို ကျောင်း ဖွံ့ဖြိုးရေးရန်ပုံငွေကနေ သုံးစွဲဖို့ လမ်းညွှန်ထားတယ်လို့ လူမှုရေးဝန်ကြီးက ပြန်ဖြေပါတယ်။ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ပညာ၊ ကျန်းမာ ကော်မတီ အနေနဲ့ အစိုးရကျောင်းတွေရော၊ ပုဂ္ဂလိကကျောင်းတွေမှာပါ စစ်ဆေးဖို့ လုပ်ဆောင်သွားမှာပါ ” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်က ဆိုသည်။
ကျောင်းသား၊ ကျောင်းသူများ ကြုံတွေ့နေရသည့်အခြေအနေကို မိဘများထံမှတစ်ဆင့် ပြန်သိရသဖြင့် ယင်းကိစ္စကို အထူးကိစ္စရပ်တစ်ရပ် အနေဖြင့် ကျောင်းအုပ်များကို ညွှန်ကြားသွားရန်ရှိ၊မရှိကို လွှတ်တော်ကိုယ်စားလှယ်က ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်မပြမေးခွန်းဖြင့် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“အိမ်သာဒုက္ခကတော့အမှန်ပဲ။ ကျောင်းတွေအနေနဲ့ ဖြည့်ဆည်းပေးသင့်တာကို ဖြည့်ဆည်းပေးပါ။ ကလေး တွေကိုလည်း စနစ်တကျသုံးစွဲတတ်အောင်လမ်းညွှန်သင်ကြားပေးပါ ”ဟု ကျောင်းသားမိဘတစ်ဦးက သူ၏ဆန္ဒကိုပြောပြသည်။
ကျောင်းများတွင် သုံးရေအလုံအလောက်ရရှိရေးနှင့် လက်ဆေးဘေစင်များလည်း လိုအပ်နေသေးပြီး ၂၀၁၉-၂၀ ပညာသင်နှစ်၌ အိမ်သာအလုံအလောက်ရှိရေးကို လုပ်ဆောင်နေကြောင်း၊ အိမ်သာသုံးစွဲသည့်နေရာတွင် ရေရရှိရေးကိုလည်း အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူများ ကျန်းမာရေးနှင့်ညီညွှတ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေး ထံမှ သိရသည်။
ဇေယျတု(မကွေး)


