အခြေခံပညာသင်ယူဖို့ ကျောင်းသွားကြပါစို့

လင်းနိုင်

“လွယ်အိတ်လေးလွယ် ရောင်စုံပန်းများနှယ် ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင်သွားကြမယ် ကျောင်းသို့ကွယ် ညီညီညာညာ တို့တစ်တွေ ကျောင်းသွားကြမယ် လူတော်လူကောင်း ဖြစ်ဖို့ကွယ် နိုင်ငံတော်အတွက် အားထားဖွယ် အသိစိတ်ဓာတ်တာဝန်အပြည့်နဲ့ ကြိုးစားကြရမယ်” သီချင်းလေးကို YouTube မှာ အမှတ်မထင် နားထောင်မိလိုက်စဉ်မှာ ကလေးတွေနားထဲစွဲစေတဲ့ သံစဉ်နဲ့ အဓိပ္ပာယ်ပါပါ ခပ်တိုတို ရေးစပ်ထားပုံလေးကြောင့် သဘောကျမိပြီး သီချင်းရေးသားသူကို ချီးကျူးကျေးဇူးတင်လိုက်မိတယ်။ ‘ကျောင်းသွားကြမယ်’ သီချင်းကြည့်နေရင်းမှာပဲ ဖုန်းထဲ Message တစ်ခုရောက်လာတာနဲ့ ဖွင့်ကြည့်လိုက်တော့ DBE က ပေးပို့တဲ့ ‘ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့’ ဆိုတဲ့ သတင်းစာသား။

ကိုယ်တွေ ကျောင်းသားဘဝ ရှေးတုန်းကဆိုရင် သင်္ကြန်ပြီးတာနဲ့ အောင်စာရင်း ထွက်တာကြောင့် စာမေးပွဲ သေချာဖြေနိုင်ခဲ့ရင် မိဘ၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ သင်္ကြန်မှာ လည်ရပတ်ရ ပျော်ရတာ အလွန်ကို အရသာရှိတာ။ ကန်တော်ကြီးပတ်လမ်းမှာ လည်မလား၊ ရွှေတိဂုံဘုရားလမ်းက မဏ္ဍပ်တွေမှာ ပျော်မလား၊ အင်းယားကန်ပေါင်မှာ နေ့လယ်နေ့ခင်း နားမလား၊ တကယ့်ကိုပျော်စရာ။ စာမေးပွဲကို သေချာမဖြေနိုင်ခဲ့ရင်တော့ သင်္ကြန်မှာ စိတ်ရောကိုယ်ပါမနှစ်နိုင်ဘဲ စာမေးပွဲကျရင် အဆူခံရမယ်ဆိုတဲ့စိတ်နဲ့ သင်္ကြန်သာပြီးသွားတယ်၊ သင်္ကြန်အနှစ်သာရကို မရလိုက်ကြတာ တွေလည်း ရှိတယ်။ စာရေးသူကိုယ်တိုင်တောင် ရှစ်တန်း (အဲဒီတုန်းက အစိုးရစစ်) ဖြေပြီးချိန် သင်္ကြန်နဲ့ လမိုင်းမကပ်တာမျိုး ဖြစ်ခဲ့ဖူးပါသေးတယ်။

လူငယ်ကျောင်းသားဘဝရဲ့ ရင်ခုန်မှုတစ်မျိုး

အောင်စာရင်းတွေ ထွက်ပြီးပြီဆိုတာနဲ့ တက်ရမယ့်အတန်းရဲ့ ပုံနှိပ်စာအုပ်တွေ ဝယ်ရ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတွေ ဝယ်ရ၊ ကျောင်းဝတ်စုံတွေ ဝယ်ရနဲ့ မိဘတွေမှာ အလုပ်ရှုပ်ရသလို များမကြာတဲ့ အချိန်မှာပဲ ကျောင်းအပ်ရမယ့်နေ့ကို ရောက်လာပြန်တယ်။ အတန်းသစ်ရဲ့ ဆရာမတွေ၊ အတန်းဖော်သစ်တွေနဲ့ မဆုံရခင်မှာ မိခင်ဖြစ်သူနဲ့အတူ ကျောင်းဝတ်စုံဝတ်ပြီး ကျောင်းအပ်ဖို့သွားရတဲ့ ခံစားမှုကလည်း လူငယ်ကျောင်းသားဘဝရဲ့ ရင်ခုန်မှုတစ်မျိုးပါပဲ။ ကျောင်း ရောက်တော့ ပြီးခဲ့တဲ့ စာသင်နှစ်ရဲ့ အတန်းပိုင်ဆရာမက ‘သားကြီး တော်တယ်၊ နောက်နှစ်တွေလည်း စာကို ကြိုးစားနော်’ ဆိုတဲ့ အားပေးသံတွေ၊ သူငယ်ချင်းအချင်းချင်းပြန်ဆုံရပြီး ငါက A တန်း၊ ငါက B တန်း၊ ငါက C တန်း တစ်ယောက်တစ်ပေါက်နဲ့ သူ့ထက်ငါ အလုအယက် ပြောနေကြတုန်း ငါက S တန်း ရောက်သွားပြီလို့ ကြားဖြတ်ပြောလိုက်တဲ့ သူငယ်ချင်းရဲ့အပြောကြောင့် A တွေ B တွေ C တွေအားလုံးအဖို့ အသံကို တိတ်သွားစေတာကတော့ အမှန်ပါပဲ။ စာတော်ပြီး ထူးချွန်မှသာ S တန်းမှာ သင်ကြားခွင့်ရတာကြောင့် မိဘတွေကရော ဆရာ ဆရာမတွေကပါ စာကြိုးစားဖို့၊ စာဖတ်ဖို့၊ စာကျက်ဖို့ကို တွန်းတွန်းတိုက်တိုက် အမြဲလုပ်လေ့ရှိပေမယ့် စာကျက်ရတာကို တကယ့်လေးလေးပင်ပင် အလုပ်လုပ်ရသကဲ့သို့ ထင်မှတ်ထားတဲ့ ကျောင်းသား ကျောင်းသူတွေထဲမှာ စာရေးသူလည်း ပါခဲ့ဖူးပါတယ်။

ငယ်စဉ်ကသာ ပညာမသင်ခဲ့ရင်

ဖခင်ဖြစ်သူက ဆူဆူပူပူသိပ်မပြောပေမယ့် မိခင်ဖြစ်သူကတော့ စာနဲ့ပတ်သက်ရင် အလျှော့ပေးတာမျိုးလုပ်လေ့မရှိဘဲ ‘တစ်ရက်စာ တစ်ရက် မရရင် မအိပ်ရဘူး’ဆိုတဲ့အထိပါ ထိန်းကွပ်ခဲ့တယ်။ ‘ဂုဏ်ကို ပြိုင်လေ့ပြိုင်ထမရှိတဲ့ မိခင်က ပညာနှင့်ဆို အမြဲပြိုင်ချင်နေတယ်’ လို့ စာရေးသူစိတ်ထဲ မိခင်ကို ကလေးဘဝက အပြစ်မြင်ခဲ့မိတယ်။ တကယ်တော့ လူဆိုတာ ပေါ့ပေါ့နေ ပေါ့ပေါ့စားရတာကို ကြိုက်ကြတဲ့သူက အများသား မဟုတ်လား။ ငယ်စဉ်ကသာ ပညာမသင်ခဲ့ရင် ပညာဉာဏ်နဲ့ လုပ်တဲ့ အလုပ်ကို ဘယ်လိုမှ လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။ ပညာမတတ်ခြင်းကြောင့် ကြုံတွေ့ရမှာတွေက ကလေးဘဝကုန်ဆုံးပြီး ဘဝအတွက် လျှောက်လှမ်းတဲ့အခါမှသာ သိနိုင်ကြတာ။

နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့တဲ့အရွယ်

တကယ် အမှားသိချိန်ရောက်ပြန်ရင်လည်း တချို့တချို့အတွက် အရာရာဟာ အချိန်ကျော်လွန်ခဲ့ပြီ ဖြစ်တာကြောင့် နောက်ပြန်လှည့်ဖို့ မဖြစ်နိုင်တော့တဲ့အရွယ် ရောက်နှင့်နေပြီ။ စာရေးသူရဲ့ အဘိုးဖြစ်သူ မကွယ်လွန်ခင်က ပြောဖူးတာလေး အမှတ်တရ ပြောပြချင်ပါသေးတယ်။ ကျောင်းဆရာ၊ ကျောင်းအုပ်လုပ်ခဲ့သူပီပီ စာရေးသူ စာကျက်တိုင်းလိုလို ဘေးနားထိုင်ပြီး “ဒီမယ် ငါ့မြေး၊ ဘိုးဘိုးရဲ့ သားသမီးတွေကို ဘဝမကြမ်းစေဖို့ ပန်ကာအောက်မှာ စားပွဲနဲ့ထိုင်ပြီး အလုပ်လုပ်ရတဲ့ ဘဝမျိုးပဲ ဖြစ်စေချင်တာ၊ မဖြစ်ဖြစ်အောင်လည်း ကြိုးစားပြီး ပညာသင်ပေးခဲ့တယ်၊ သူတို့ ကြိုးစားခဲ့လို့လည်း မင်းတို့ ခုလို အေးအေးဆေးဆေး စာသင်နိုင်တာပေါ့’ လို့ ပြောရင်း စာရေးသူ အိပ်ငိုက်တိုင်း အားဆေးတိုက်ခဲ့သူ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ သုံးပါးလုံးနဲ့ ကိုက်ညီသူဆိုလည်း မမှားပါဘူး။ မိဘ (ဘိုးဘွား)၊ ဆရာ၊ ကျောင်းသား သုံးနားညီညီ လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့်လည်း အခြေခံပညာအတန်းတွေမှာ အကျမရှိ အောင်မြင်ခဲ့ပြီး အဆင့်မြင့်ပညာထိပါ တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပညာပြည့်ဝ နှလုံးလှသော်

ပညာနဲ့ ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသက ‘ပညာဆိုတာ ဘာလဲ- လုပ်သင့်တာ၊ မလုပ်သင့်တာကို ခွဲခြားသိတယ်၊ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိတယ်၊ အခွင့်ကောင်းကြုံတယ်၊ မကြုံဘူး၊ အခွင့်ကောင်းရှိရင် ဘာလုပ်သင့်လဲဆိုတာ သိတဲ့ ပညာသည်သာလျှင် တကယ့်ရတနာအစစ်ပါ၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ရတနာ အစစ်ဆိုတာ စိန်တွေ၊ ရွှေတွေ၊ ပတ္တမြားတွေ မဟုတ်ဘူး၊ “ပညာ နရာနံ ရတနံ”၊ “အသိပညာသည်သာ လူရဲ့ရတနာ” လို့’ ဟောကြားတော်မူခဲ့ပါတယ်။ အလားတူ မန်လည်ဆရာတော်ကြီးရဲ့ ‘ပညာပြည့်ဝ နှလုံးလှသော်၊ ကိစ္စကြီးငယ် ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏’ လင်္ကာကဗျာလေးကလည်း ပညာနဲ့ပတ်သက်ပြီး မှတ်သားဖွယ်ရာပင် ဖြစ်ပါတယ်။

ပညာရေးနိမ့်ကျသည့် လူငယ်များ မဖြစ်အောင်

ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံအဖြစ် ရပ်တည်နိုင်ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ကဏ္ဍတွေမှာ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် နေဖို့လိုပြီး ထိုအထဲမှာမှ အခြေခံဖြစ်တဲ့ ပညာရေးက အဓိကကျလှပါတယ်။ ဒါကြောင့်လည်း စာရေးသူအပါအဝင် ပညာနဲ့ အလုပ်လုပ်ကိုင်နေကြသူတွေဟာ လူမှန်းသိတတ်စအရွယ်ကတည်းက ကျောင်းတက် ပညာသင်ယူခဲ့ကြပြီး ဘဝရှေ့ရေးအတွက် အတတ်ပညာ၊ အသိ ပညာ ပြည့်ဝအောင် ကြိုးစားခဲ့ကြသူတွေချည်းပဲ ဖြစ်ပါတယ်။ ပညာရေး အခြေခံကောင်းမှသာ မိမိအတွက်၊ မိမိမိသားစု၊ မိမိပတ်ဝန်းကျင်၊ မိမိတိုင်းပြည်နဲ့ မိမိလူမျိုးပါမကျန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံပညာအားကောင်းဖို့အတွက်လည်း ဧပြီ ၂၆ ရက်က နေပြည်တော်ရှိ MICC-II မှာ ပြုလုပ်တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ အား တွေ့ဆုံပွဲမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “အခြေခံပညာကဏ္ဍတွင် လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့်အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကို ဆုံးခန်းတိုင်သင်ယူနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များ မဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ ဆရာမများက ဝိုင်းဝန်း ထိန်းသိမ်းသွားကြရန်လိုကြောင်း” စသည်ဖြင့် မှာကြားခဲ့တာကို တွေ့ရ ပါတယ်။

“လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ် များအနေဖြင့် ပညာသင်ကြားရာတွင် အခြေခံမှစ၍ သိရှိနားလည်နိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးရန် လိုကြောင်းနှင့် လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် မိဘ၊ ဆရာနှင့် တာဝန်ရှိသူများ အားလုံးက ဝိုင်းဝန်း၍ အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧပြီ ၂၂ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) မှာ လူငယ်များဘဝ ဖွံ့ဖြိုးရေးအတွက် အထူးမှာကြားခဲ့တာကို တွေ့ရတယ်။ နိုင်ငံ့အကြီးအကဲရဲ့ တိုင်းပြည်အနာဂတ်အပေါ် ရည်မှန်းပြီးကျောင်းသား ကျောင်းသူလူငယ်များအပေါ် ပညာရေး အားထည့်လုပ်ဆောင်နေခြင်းကို တွေ့ရ တာကလည်း ကျေနပ်ပီတိဖြစ်စရာပါပဲ။

လူငယ်ကျောင်းသား ကျောင်းသူများအတွက် အခြေခံပညာကျောင်းတွေကို ဇွန်လမှာ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး စာသင်ကျောင်းတွေ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်တွေကောင်းမွန်စေရေးနဲ့ ပရိဘောဂတွေ ပြည့်စုံကောင်းမွန်စေရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နိုင်ကြဖို့၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရတဲ့ ဒေသ အချို့က အခြေခံပညာကျောင်းတွေကိုလည်း ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ဖို့၊ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ဖို့စတာတွေကိုလည်း နိုင်ငံ့အကြီးအကဲက ကြိုတင်မြော်တွေးပြီး မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားတာကလည်း လူငယ်တွေအပေါ်မှာ ထားတဲ့ စေတနာကို ပေါ်လွင်စေလျက်ရှိတာကို တွေ့ရပြန်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ တင်ပြချင်တာက ပြည်ဖျက်အကြမ်းဖက်အဖွဲ့ NUG ရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်တွေကြောင့် KNU၊ KIA၊ PDF အကြမ်းဖက်အဖွဲ့တွေဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆရာ ဆရာမ ၆၈ ဦး၊ စာသင်ကျောင်းတွေကို ဗုံးခွဲတိုက်ခိုက်မှု ၅၄၃ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၂ ကြိမ် ကျူးလွန်ခဲ့ကြတာကို စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရပါတယ်။ အဆိုပါလုပ်ရပ်ကြောင့် တိုင်းပြည်အတွက် လွန်စွာမှ ထိခိုက်နစ်နာမှုဖြစ်စေခဲ့ပြီး ပညာကို မြတ်နိုးသူတိုင်း၊ တန်ဖိုးထားသူတိုင်း၊ အဖွဲ့အစည်းအသီးသီးကပါ အဆိုပါအကြမ်းဖက်အဖွဲ့အသီးသီးကို ရှုတ်ချကန့်ကွက်ခဲ့ကြတာကို သတိပြုမိပါတယ်။

လူငယ်တွေရဲ့ ဘဝတက်လမ်း ချို့ဖဲ့ဖျက်ဆီးခံခဲ့ရ

နိုင်ငံ့အနာဂတ်ကို ပခုံးပြောင်းတာဝန်လွှဲပေးရမယ့် လူငယ်တွေအတွက် နိုင်ငံတော်အကြီးအကဲနဲ့အတူ သက်ဆိုင်ရာတာဝန်ရှိဝန်ကြီးဌာနအပြင် မိတ်ဖက်ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းအသီးသီးတွေက အားသွန်ခွန်စိုက်နဲ့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကျောင်းမတက်ဖို့ လှုံ့ဆော်ခဲ့သူ လူ့မိစ္ဆာတွေကြောင့် ကျောင်းသား ကျောင်းသူ လူငယ်တချို့ဟာ ကျောင်းနားခဲ့ကြရတယ်၊ ကျောင်းထွက်ပြီး ရရာအလုပ်ကြမ်း လုပ်ခဲ့ကြရတယ်၊ မိဘပိုက်ဆံ ထိုင်ဖြုန်းပြီး ဝေလေလေလုပ်ခဲ့ကြရတယ်။ ဒီလိုနဲ့ပဲ ကျောင်းသား ကျောင်းသူလူငယ်တွေရဲ့ ဘဝတက်လမ်းအညွန့်တလူလူဟာ ချို့ဖဲ့ဖျက်ဆီးခံခဲ့ရတယ်။ စာရေးသူမိတ်ဆွေရဲ့ သားတစ်ယောက် ဆိုရင်လည်း ၂၀၂၁ ခုနှစ်မှာ ၈ တန်းနဲ့ ကျောင်းနားပြီး အိမ်အတွက်ပဲ အလုပ်ထွက်လုပ်တော့မလို၊ ဘဝအကြောင်းပဲ နားလည်သွားတဲ့ လူကြီးပေါက်လေးလိုလိုနဲ့ စာရေးသူနဲ့ စကားပြောတိုင်း ဘုနဲ့ဘောက်။ တွေ့တိုင်း မြင်တိုင်း ကျောင်းဆက်တက်ဖို့ ဖျောင်းဖျသော်လည်း နားမဝင်ခဲ့။ သူ့သူငယ်ချင်းတွေ Grade- 12 အောင်ပြီးလို့ တက္ကသိုလ်ကျောင်းသားရဲ့ဘဝကို မြင်လာရတဲ့အခါမှာတော့ ဒီနှစ် Grade- 8 ကို ပြန်တက်ဖို့ ကျောင်းအပ်တော့မယ်ဆိုလာပါတော့တယ်။ ကျောင်းသားတစ်ယောက်ရဲ့ ကျောင်းပြန်တက်ဖို့ အမြင်မှန်ကြောင့် သူ့မိဘတွေရော၊ မိသားစုတွေရော အခုချိန်မှာ ပြုံးပျော်နေကြရပြီ။

လာမယ့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နဲ့ပတ်သက်ပြီး အခြေခံပညာကျောင်းများမှာ ကျောင်းအပ်နှံရေး အစီအစဉ်တွေ၊ မိဘ၊ အုပ်ထိန်းသူပြည်သူများသို့ မေတ္တာရပ်ခံချက်တွေ၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ သိရှိလိုက်နာရမယ့်အချက်အလက်တွေကို ပညာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်အသိပေးထားပြီး အဆိုပါအသိပေးကြေညာချက်တွေကိုလည်း မိဘပြည်သူများအားလုံး သိရှိနိုင်စေဖို့ နိုင်ငံပိုင်မီဒီယာတွေ၊ အွန်လိုင်းပလက်ဖောင်းတွေကနေ ဆက်တိုက်ဆိုသလို ဖော်ပြထုတ်လွှင့်ပေးနေတာကိုလည်း သတင်းစာဖတ်တိုင်း၊ ရုပ်မြင်သံကြား ကြည့်တိုင်း၊ ရေဒီယိုနားထောင်တိုင်း၊ အွန်လိုင်းသုံးတိုင်း တွေ့မြင်နေရပါတယ်။

အခမဲ့ပညာရေးနဲ့ လက်လှမ်းတမီ သင်ယူနိုင်တဲ့ အခွင့်အလမ်း

နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးနေချိန်မှာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်စေဖို့ မိဘဖြစ်သူနဲ့ အုပ်ထိန်းသူတို့အပေါ်မှာ လွန်စွာမှ တာဝန်ရှိပါတယ်။ ‘ကျောင်းထားဖို့ ပိုက်ဆံမရှိလို့’ ဆိုတာမျိုး မဖြစ်ရလေအောင်လည်း အခြေခံပညာအဆင့်မှာ အခမဲ့ပညာရေးနဲ့ လက်လှမ်းတမီသင်ယူနိုင်တဲ့ အခွင့်အလမ်းရအောင် နိုင်ငံတော်က စီမံဆောင်ရွက်ပေးထားပြီးလည်း ဖြစ်ပါတယ်။ ကျောင်းလခ၊ မိဘဆရာ အသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနဲ့ စာကြည့်တိုက်ကြေးအပါအဝင် ဘယ်အခကြေးငွေကိုမျှ လုံးဝမကောက်ခံဘဲ ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံဘောပင်၊ ကျောင်းဝတ်စုံ တစ်စုံကိုပါ အခမဲ့ထောက်ပံ့ပေးဦးမှာ ဖြစ်ပါတယ်။

‘ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်လျှင် အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။ ခွင့်သာတုန်းမှ မရုန်းချင်လျှင် အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား’ ဆိုတဲ့ လယ်တီဆရာတော်ကြီးရဲ့ ဆုံးမစကားအတိုင်း မိဘ၊ အုပ်ထိန်းသူတွေဟာ ကျောင်းသား ကျောင်းသူလူငယ်တွေ ကျောင်းတက်ဖို့ကျောင်းအပ်ဖို့ နေ့ရွှေ့ ရက်ရွှေ့လုပ်မနေကြဘဲ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ မိမိတို့နေထိုင်ရာ မြို့နယ်အလိုက် သတ်မှတ်နယ်မြေများရဲ့ အခြေခံပညာကျောင်းများသို့ သွားရောက်ကာ ‘ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့’ လို့ တိုက်တွန်းရေးသားနှိုးဆော်လိုက်ရပါတယ်။ ။