ထန်းတပင် ၁၁ ဒီဇင်ဘာ
၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ငွေကျပ်(၅)သိန်းဖြင့် တောင်သူများထံမှ စပါးဝယ်ယူနိုင်ရေး တင်ဒါအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှသိရသည်။
အခြေခံရည်ညွှန်းဈေးဖြင့် စပါးဝယ်ယူရေးအတွက် တင်ဒါအဆိုပြုလွှာများကြော်ငြာခြင်းကို တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံးကြော်ငြာသင်ပုန်းတို့တွင် ကပ်နှံဆောင်ရွက်ထားရှိပြီး အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းများကို ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနတွင် ဒီဇင်ဘာ ၆ ရက်နေ့မှစတင်၍ ဒီဇင်ဘာ ၁၆ရက်နေ့အထိ ပုံစံများကို တစ်စုံလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ငွေကျပ်(၅)သိန်းဖြင့် တောင်သူလယ်သမားများထံမှ စပါးဝယ်ယူနိုင်ရေးအတွက် ထန်းတပင်မြို့နယ်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ လှည်းကူးမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် တင်ဒါအဆိုပြုလွှာများ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
၂၀၁၉ခုနှစ် မိုးစပါးနှင့်၂၀၂၀ခုနှစ် နွေစပါးတို့ကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သော တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးကွက်နှင့် ဈေးနှုန်းများဖြစ်ပေါ်လာစေရေးအတွက် အစိုဓာတ်(၁၄)ရာခိုင်နှုန်းရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီးအရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင် ကိုက် စပါးတင်း(၁၀ဝ)၏ အခြေခံရည်ညွှန်းစပါး ဈေးနှုန်းကိုငွေကျပ်(၅)သိန်းနှုန်း သတ်မှတ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)