ခင်ဦး ၁၂ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ပို့ချပေးခဲ့သော ကျေးလက်လူငယ်များအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းဖြစ်သည့် အခြေခံသံပန်း သံဂဟေဝရိန်ဆော်နည်းသင်တန်း(၁/၂၀၁၉) ဆင်းပွဲကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၉ နာရီက အဆိုပါ ဦးစီးဌာန၊ အစည်းအဝေခန်းမတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်တို့က အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်က အခြေခံသံပန်း သံဂဟေ ဝရိန်ဆော်နည်းတွင် သင်ကြားခဲ့မှုများကို လက်တွေ့တွင် အသုံးချပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ဆက်လက်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးညီညီဦးက သင်တန်းတွင် သင်ကြားပေးသော ဆရာဦးကျော်မျိုးလွင်ကို မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ပြီး တာဝန်ရှိသူများက သင်တန်းသားများကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက သင်တန်းသားများ ပြုလုပ်ထားသော ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင် (ခင်ဦး)