ရန်ကုန်  ၃၀  စက်တင်ဘာ

 

နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီးဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၃/၂၀၁၉) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြား သည်။

 

သင်တန်းဖွင့်ပွဲသို့ သင်တန်းတွင် သင်ကြားပို့ချပေးမည့် အငြိမ်းစား သံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝါရင့်သံတမန်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အဆိုပါသင်တန်း၌ သံတမန်ရေးရာနှင့် သက်ဆိုင်သည့် အခြေခံဘာသာရပ်များ၊ စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အစည်းအဝေးများကျင်းပခြင်း၊ နိုင်ငံတကာဆက်ဆံရေးပညာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ ပါဝင်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၂)ပတ်ကြာမြင့်မည် ဖြစ်သည်။

 

 

အဆိုပါသင်တန်းသည် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်နေသော ပုဂ္ဂလိက လုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများ၊ အခြားဌာနများမှ ဝန်ထမ်းများနှင့် ဘာသာရပ်အပေါ် စိတ်ဝင်စားလေ့လာလိုသူများအတွက် ၂၀ဝ၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ဖွင့်လှစ်နေသော သင်တန်းဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ဖွင့်လှစ်လျက်ရှိသည်။

 

 

(သတင်းစဉ်)