လက်ရှိ ၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ မြန်မာပြည်သူ လူထုအကြား ဆန္ဒထုတ်ဖော်မှုများကို တွေ့မြင်နေရ ပါသည်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ်အများစုက လွှတ်တော်ထဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းရန် အဆိုပြုလိုက်ခြင်းက ပြည်သူလူထု၏ မျှော်လင့်ချက်ကို အားတက်စေခဲ့သည်ဟု ယူဆပါသည်။

လက်ရှိ အခြေခံဥပဒေပြင်ဆင်ရေးသည် ပြည်သူအများစု၏ သဘောဆန္ဒကို ကိုယ်စားပြုသည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဦးဆောင်ဦးရွက်ပြုသူတို့သည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့ကိုယ်စားလှယ် အများစုဖြစ်သည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေး သဘောထားသည် ပြည်သူကို ကိုယ်စားပြုသည်ဟု ဆိုချင်ပါသည်။

ဤနေရာ၌ မည်သည့်နေရာမဆို ရှိနိုင်သည့် သဘောထားကွဲလွဲမှုများအရ ၂၀ဝ၈ အခြေခံဥပဒေကို မပြင်ဆင်လိုသည့် လူအချို့လည်း ရှိနိုင်ပါသည်။

သို့သော်လည်း ပြည်သူလူထု ရွေးကောက်တင်မြှောက်ခြင်းခံရသော ပြည်သူ့ကိုယ်စားလှယ် အများစုဖြင့် ဖွဲ့စည်းထားသည့် လက်ရှိ ပြည်သူ့အစိုးရနှင့် လွှတ်တော်အသီးသီးအပါအဝင် တိုင်းရင်းသား အင်အားစုများ၊ တပ်မတော်၊ အတိုက်အခံ နိုင်ငံရေးပါတီများစသည့် အင်အားစုများကလည်း လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်သည်ဟု သဘောတူထားကြ ကြောင်း သိရှိနေရပါသည်။

ပြင်ဆင်ရေးကို သဘောတူထားကြပြီး မည်သည့်အချက်များကို မည်ကဲ့သို့ ပြင်ဆင်ကြမည်လဲဆိုသည်ကသာ ကွဲပြားနေသည် ဖြစ်ကြောင်းကို သတိပြုမိပါသည်။

မည်သို့ပင်ဖြစ်စေ ပြင်ဆင်ရန်လိုအပ်သည်ဟု အားလုံးသော အင်အားစုများက သဘောတူ ထားခြင်းကို ထောက်ရှုခြင်းအားဖြင့် လက်ရှိအခြေခံဥပဒေသည် အားနည်းချက်များ ရှိနေသည်ဆိုခြင်းက ထင်ရှား ပေါ်လွင်နေသည်ဟု ထင်မြင်ပါသည်။

လက်ရှိအခြေခံဥပဒေနှင့် ပတ်သက်သည့် မူလဘူတအကျဆုံး ပြဿနာမှာ မူပြဿနာဖြစ်ပါသည်။ အခြားအခြားသော ဥပဒေအချက်အလက်များကို မပြောသေးဘဲ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည့်အခါ မည်သို့မည်ပုံ ပြင်ဆင်ရမည် ဟူသည့် အချက်တစ်ချက်တည်းကို ကြည့်လျှင်ပင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မြန်မာပြည်သူ လူထုကသာ ပိုင်သည်ဟူသောမူနှင့် ကွဲလွဲမှုရှိနေပြီဖြစ်ကြောင်း အထင်အရှားဖြစ်နေသည်။

မည်သို့ဆိုစေ၊ ယနေ့ကာလကဲ့သို့သော ဒီမိုကရေစီ အတော်အတန် ပွင့်လင်းလာသည့်ခေတ်တွင် အားရစရာကောင်းလာသည့် အချက်တစ်ခုကို တွေ့ မြင်နေရပါသည်။

ပြည်သူ့ကိုယ်စားလှယ်အများစုက ပြင်ဆင်ရန်လိုအပ်သည်ဟု ဆုံးဖြတ်ကာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်နေမှု အဆင့်ဆင့်သည် နိုင်ငံရေး ယဉ်ကျေးမှုတစ်စုံတစ်ရာကို ဖော်ပြနေခြင်း ဖြစ်ပါသည်။

ကိုယ့်လက်ထဲ အာဏာရှိသည်၊ ကိုယ်လုပ်ချင်သလို လုပ်မည်ဟူသည့် ငါတကောကော သဘောထားမရှိ။ အခြေခံမူများကို ကိုယ့်သဘောနှင့် ကိုယ်ရေးဆွဲထားမည်၊ ကျန်သူများကထောက်ခံ အတည်ပြုကြ၊ မထောက်ခံသူများ၊ ဝေဖန်သူများကို ဥပဒေသစ်ရေးဆွဲကာ အပြစ်ပေးမည်၊ နှိပ်စက်မည်ဟူသည့် သဘောထားမျိုး လုံးဝမရှိဘဲ ဆွေးနွေးကြ၊ ညှိနှိုင်းကြပြီး အကောင်းဆုံးနည်းလမ်းကို ရှာဖွေကာ ပြင်ဆင်ရေးဆွဲကြမည် ဟူသည်မှာ မင်္ဂလာကျက်သရေရှိလှသည်ဟု ဆိုချင်ပါကြောင်း။   ။