၇ ဖေဖော်ဝါရီ

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီ ၆ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲများသဖြင့် အဆိုအတည်ဖြစ်ခဲ့၏။

မဲဆန္ဒပေးခွင့်ရှိသူပေါင်း ၆၂၁ ဦးတွင် ဆန္ဒမဲအရေအတွက် စုစုပေါင်း ၆၁၁ မဲရှိသည့်အနက် ထောက်ခံဆန္ဒမဲပေါင်း ၄၁၄ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၁၉၁ မဲ၊ ကြားနေဆန္ဒမဲပေါင်း ၆ မဲဟု သိရှိရပါသည်။

မြန်မာနိုင်ငံတွင် ဂျပန်ခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ အပဆိုလျှင် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ လမ်းစဉ်ပါတီခေတ် ၁၉၇၄ အခြေခံဥပဒေနှင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟု သုံးမျိုးရှိခဲ့ပါသည်။

၁၉၄၇ အခြေခံဥပဒေသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရခါနီး၌ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲများ ပြုလုပ်၍ ပြည်သူ့ ကိုယ်စားလှယ်များက တိုင်းပြည်ပြု လွှတ်တော်ခေါ်ယူကာ ရေးဆွဲခဲ့ပြီး ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်တွင် ဖျက်သိမ်းခံခဲ့ရသည်။ တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ စနစ်ဖြင့် နိုင်ငံထူထောင်မည်ဟုဆိုကာ ၁၉၇၄ ဆိုရှယ်လစ် အခြေခံဥပဒေ တစ်ရပ်ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပြီး ၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာသည့်အခါ အလိုအလျောက် ပျက်ပြယ်သွားခဲ့ရသည်။

ယခု ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း အမျိုးသားညီလာခံ တစ်ရပ်ခေါ်ယူကာ ရေးဆွဲခဲ့ပြီး ၂၀ဝ၈ နာဂစ်မုန်တိုင်းပြီးခါစ အချိန်တွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့သည်။ စတင်ရေးဆွဲစဉ်ကပင် ပြည်သူ့ကိုယ်စားလှယ်များ၏ ပါဝင်ပတ်သက်ခွင့် နည်းပါးမှုအပေါ် အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့ပြီး အတည်ပြုစဉ်ကလည်း မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နေရာတော်တော်များများမှာ သဘာဝဘေးဒဏ်များ ခံစားနေရချိန်ဖြစ်သည့်အတွက် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ပြောစရာဆိုစရာ များစွာရှိနေခဲ့သည်။

ယခုအခါမူ ပြည်သူ့ကိုယ်စားလှယ်များက ထိုအခြေခံဥပဒေကို ပြင်ဆင်ရေးသားကြရန် လိုအပ်ပြီဟူသည့် မူဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးအဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယခင်အစိုးရလက်ထက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကာလကတည်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် လူထု အဖွဲ့အစည်းများက ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ခေါင်းစဉ်တင်ကာ ပြောဆိုလာခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ်အဖြစ် တင်ခဲ့ပါသည်။ ပြည်သူလူထုက ထောက်ခံဆန္ဒမဲ ပေးခဲ့သည့်အတွက် ပြည်သူလူထု၏ သဘောဆန္ဒကို ဆက်လက်အကောင်အထည်ဖော်ရန် ကြိုးစားခြင်းဟု ဆိုပါမည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတော်အား မည်သို့မည်ပုံ ဖွဲ့စည်းမည်၊ မည်သို့သောမူများဖြင့် အုပ်ချုပ်မည်၊ လုပ်ပိုင်ခွင့်နှင့် အာဏာတို့ကို လွှတ်တော်များ၊ အစိုးရ အဖွဲ့အစည်းများကြားတွင် မည်ကဲ့သို့ ခွဲဝေတာဝန်ယူရမည်၊ ပြည်သူလူထုက အချုပ်အခြာအာဏာကို မည်သို့ ကိုင်တွယ်ထားပြီး ပြည်သူ့ကိုယ်စားလှယ် များနှင့် အစိုးရတို့ကို မည်သို့ ထိန်းချုပ်ထားမည်၊ ခေတ်အခါ အားလျော်စွာမူများ၊ ဥပဒေများကို လိုအပ်ပါက ပြည်သူလူထုက မည်သို့ပြုပြင်ပြောင်းလဲနိုင်မည် စသည်တို့ကို စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများအဖြစ် တိတိကျကျ ရေးဆွဲထားသည့် ပဋိညာဉ်စာချုပ် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပြည်သူ့ကိုယ်စားလှယ်များနှင့် အစိုးရတို့ကို ပြည်သူတို့က ၎င်းတို့ပိုင်သည့် အချုပ်အခြာအာဏာကို မည်သို့ခွဲဝေ တာဝန်ပေးပြီး မည်သို့တာဝန်က ရုပ်သိမ်းနိုင်သလဲ ဆိုသည့် သဘောတူစာချုပ်ဖြစ်သည်။

အခြေခံဥပဒေဟူသည် လူတစ်ဦး တစ်ဖွဲ့ကောင်းစားရေး မဟုတ်ပါ။ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ မည်သို့ ပြောင်းလဲ သွားကြသည်ဖြစ်စေ ပြည်သူလူထုက အချုပ်အခြာအာဏာကို မြဲမြဲပိုင်ဆိုင်ထားနိုင်ရေးက အခရာဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံ့အရေး ဆောင်ရွက်ကြရာတွင် ပြည်သူလူထု၏ဆန္ဒကို အသိအမှတ် ပြုကြရေးပင် အာဏာရပါတီ၊ အတိုက်အခံပါတီ၊ တိုင်းရင်းသားအင်အားစုများ အသီးသီးကြားမှာ ပြည်သူလူထု အကျိုးအတွက် ဦးတည်ရေးဟူသည့် အခြေခံမူကို ချမှတ်ပြင်ဆင်ခြင်းဖြင့် ငြိမ်းချမ်း သာယာသော အနာဂတ်နိုင်ငံတော်ကို မျှော်မှန်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။   ။