ယင်းမာပင် ၈  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်အတွင်း တည်ရှိသော အလောင်းတော်ကဿပ စံကျောင်းနှင့် ရုပ်ကလပ်တော်တည်ရှိရာသို့ သွားလာနိုင်သော ကပိုင်-သပိတ်ဆေး ဘုရားဖူးလမ်းသည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် လမ်းချော်မှုဖြစ်ပွားလျက်ရှိကြောင်း အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၏ ပြောကြားချက်အရ သိရသည်။

'' ဇန်နဝါရီ ၇ က်နေ့ ညပိုင်းက နာရီဝက်လောက်ကြအောင် မိုးရွာတယ်၊ ၁၆ မိုင်မှာရှိတဲ့ ချောင်းမကြီးချောင်း အတက်မှာ ကားတွေလမ်းချော်နေတယ်၊ ကျန်တဲ့နေရာတွေမှာတော့ အဆင်ပြေတယ်၊ လမ်းပိတ်မှု မဖြစ်စေဖို့အတွက် အတက်ကားတွေကိုတော့ (၉)မိုင်စခန်းမှာ ခဏတားထားတယ်၊ အခုအခြေအနေအတိုင်း မိုးဆက်ရွာရင်တော့ လမ်းပျက်နိုင်တဲ့ အနေအထားရှိတယ်၊ မိုးမရွာရင်တော့ အဆင်ပြေနိုင်တယ်၊ တောင်ပေါ်ကဆင်းလာတဲ့ ကားတွေကတော့ လမ်းချော်တယ်လို့ပြောတယ်၊ လမ်းခြောက်အောင်စောင့်နေရတယ်'' ဟု အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောသည်။

အလောင်းတော်ကဿပ စံကျောင်းနှင့် ရုပ်ကလပ်တော် တည်ရှိရာသို့ သွားလာနိုင်သော ကပိုင်-သပိတ် ဆေးလမ်းအား ဇန်နဝရီ  ၃ ရက်တွင် ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ လာရောက်လျက်ရှိရာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် လမ်းချော်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)

 

mdn