ဝက်လက် ၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မိုးစပါးများ မပျက်စီးစေရန် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဇန်နဝါရီ ၃ ရက်က သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားကြောင်း သိရသည်။
အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးခင်းများ လေလွင့်ပျက်စီးမှု မရှိစေရေးအတွက် တောင်သူဦးကြီးများအနေဖြင့် ရင့်မှည့်ပြီး ရိတ်သိမ်းရမည့် စပါးခင်းများကို အချိန်မဆွဲဘဲ အမြန်ဆုံး ရိတ်သိမ်းကြရန်၊ ရိတ်သိမ်းခါနီး ယိုင်လဲနေသော စပါးခင်းများကို ဦးစားပေး ရိတ်သိမ်းကြရန်၊ ရိတ်သိမ်းပြီးစပါးများကို လေ့လွင့်ပျက်စီးမှုမရှိစေရန် အမိုးအကာအောက် အမြန်ရောက်နိုင်ရေး ဆောင်ရွက်ကြရန်၊ အမိုးအကာအောက်ရောက်ပြီး စပါးများကို စနစ်တကျ အခြောက်ခံခြင်း ဆောင်ရွက်ကြရန်၊ စနစ်တကျ အခြောက်ခံပြီး စပါးများကိုလည်း အမြန်ဆုံး သိုလှောင်နိုင်ရေး ဆောင်ရွက်ကြရန်၊ အကူအညီများလိုအပ်လာပါက သက်ဆိုင်သည့် ကျေးရွာအုပ်စုမှ စိုက်ပျိုးပညာပေး ဝန်ထမ်းများနှင့် သော်လည်းကောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးကျော်က ပြောသည်။
ဝက်လက်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ခုနှစ် မိုးရာသီ၌ ရွှေဘိုပေါ်ဆန်းစပါးမျိုးများကို အဓိကထားစိုက်ပျိုးထားရှိရာ၊ ယခုအချိန်တွင် အချို့စပါးခင်းများသည် ရိတ်သိမ်းပြီး အချို့စပါးခင်းများသည် ရိတ်သိမ်းလုဆဲဆဲ ဖြစ်ကြောင်း သိရသည်။
မိုးသောက်(ရွှေဘို)