၆ မေ

“အချိန်” သည် ကျွန်ုပ်တို့အတွက် တန်ဖိုးရှိလှသည့်၊ ကြီးမားသည့် အရင်းအမြစ်တစ်ခုပင်ဖြစ်သည်။ ရှေးယခင်ကလည်း အချိန်သည် လူအများစုအတွက် ကြီးမားသည့် အရင်းအမြစ်တစ်ခုဖြစ်ခဲ့သလို  ယနေ့လို သတင်းအချက်အလက်နည်းပညာကာလတွင်လည်း အချိန်သည်  ကျွန်ုပ်တို့အတွက်  အကြီးမားဆုံး  အရင်းအမြစ်အဖြစ်  ဆက်လက်ရှိနေဆဲဖြစ်သည်။  အချိန်သည်  အထူးတလည်  ကြိုးပမ်းအားထုတ်ရှာဖွေရန်  မလိုသကဲ့သို့  ငွေကြေးဖြင့်  ဝယ်ယူရန်လည်း  မလိုသည့်  အရင်းအမြစ်တစ်ခုဖြစ်သည်။  သို့ရာတွင်  ကျွန်ုပ် တို့ပတ်ဝန်းကျင်၌ “အချိန်လည်း မရှိတော့ဘူး” ၊ “အချိန်လည်း နည်းနေပြီ” ၊ “အချိန်ကလည်း မလောက်နိုင်ဘူး” စသည်ဖြင့်  မကြာခဏကြားနေရသည့် ညည်းတွားမှုများကို ကြားနေရတတ်သည်။ “အချိန်နှင့် ဒီရေသည် လူကိုမစောင့်” ဟူသည့် စကားပုံနှင့်အညီ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးတတ်သဖြင့် မိမိတို့အတွက် အချိန်သည်  မည်သည့်အခါမျှ လုံလောက်မှု မရှိဟုလည်း ထင်မြင်ယူဆတတ်ကြသည်။ သို့ဖြစ်၍ မိမိတို့လက်ဝယ်ရှိပြီး “အချိ်န်”  ဆိုသည့်  အရင်းအမြစ်နှင့် ပတ်သက်၍ အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်သည်မှာ ယင်းအရင်းအမြစ်ကို အကောင်းဆုံး၊ အထိရောက်ဆုံး စီမံအသုံးချရေးပင်ဖြစ်ပါသည်။

မိမိတို့၏ နေ့စဉ်အချိန်ကို အကောင်းဆုံး ထိရောက်စွာ  စီမံအသုံးပြုနိုင်ရေးအတွက်  အောက်ဖော်ပြပါ အချက်များကို မှတ်သားနိုင်ရန် ဖော်ပြအပ်ပါသည်-

(က) မိမိတို့၏ တစ်နေ့တာကိစ္စရပ်များကို ယင်းမတိုင်မီ  ညကတည်းက ကြိုတင်စီစဉ်ထားပါ။

မိမိတို့၏  တစ်နေ့တာလုပ်ဆောင်ရန်  ကိစ္စအဝဝကို လုပ်ဆောင်ပြီးသည်နှင့် မိမိရည်မှန်းထားချက်များကို အပြည့် အဝ  အကောင်အထည်ဖော်နိုင်ရန်    နောက်တစ်နေ့တွင် လုပ်ဆောင်ရမည့်    ကိစ္စရပ်အားလုံးကို      စာရွက်၊  စာအုပ် တစ်ခုခု၌  ရေးချထားရပါမည်။  တယ်လီဖုန်းနံပါတ်၊  လိပ်စာ၊ လိုအပ်မည့် စာရွက်စာတမ်း စသည့် သတင်းအချက်အလက် အားလုံးကိုလည်း စုစည်းထားရှိပါ။

(ခ) မိမိဆောင်ရွက်ဖွယ်ရာများအနက် ဦးစားပေးရမည့် ကိစ္စရပ် များကို စာရင်းပြုထားပါ

မိမိလုပ်ဆောင်ရမည့်  ကိစ္စရပ်အားလုံးကို  တစ်ခုချင်းစီ အမှတ်စဉ်တပ်ပါ။ အခက်ဆုံးကိစ္စကို ပထမဆုံး လုပ်ဆောင် ပါ။    လူ့သဘောသဘာဝအလျောက်    များသောအားဖြင့်  အလွယ်ကူဆုံးကိစ္စကို ပထမဆုံး လုပ်ဆောင်လိုစိတ် ရှိတတ်ပါသည်။ သို့ရာတွင် လွယ်ကူသည့် ဆောင်ရွက်ဖွယ်ရာတို့ကို ပြုလုပ်နေစဉ်မှာပင်  ခက်ခဲသည့် ကိစ္စရပ်ကို လုပ်ဆောင်ရန် ကျန်နေသေးသည်ဟု  စိတ်တွင်  ထင်ဟပ်လာမည်ဆိုပါက ခက်ခဲသည့်ကိစ္စ၌ အာရုံစူးစိုက်မှု လျော့နည်းသွားနိုင်ပါသည်။ အခြားတစ်ဖက်၌ ခက်ခဲ့သည့် အလုပ်အားလုံးကို ဆောင်ရွက် ပြီးစီးသွားပါက နောင်ဆောင်ရွက်ရမည့် လွယ်ကူသောကိစ္စများ လုပ်ဆောင်ရန် စိတ်ပါလက်ပါ လုပ်ဆောင်လိုစိတ်ဖြစ်ပေါ် လာတတ်ကြောင်း တွေ့ရှိရပါမည်။

(ဂ) ပြုစုထားသည့် ဦးစားပေးကိစ္စရပ်များစာရင်းကို အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်ပါ။

ကိစ္စရပ်တစ်ခုကို ဆောင်ရွက်ပြီးသွားတိုင်း မိမိမှတ်သားထားသည့်  စာရင်းမှ    မမေ့မလျော့ပယ်ဖျက်လိုက်ပါ။    ယင်း အချိန်တွင်  မိမိ၏အာရုံကို    မလွင့်ပါးစေရန်    ထိန်းချုပ်ပါ။ ဖြစ်တတ်သည်မှာ တယ်လီဖုန်း ပြောဆိုလိုစိတ်၊ အင်တာနက်မှ ရောက်ရှိလာသည့် အီးမေးလ်များကို ပြန်လည်ဖြေကြားလိုစိတ် ဖြစ်ပေါ်တတ်သည်။ တယ်လီဖုန်းသံကို လျစ်လျူရှုရန် ခက်ခဲသည်မှာ    မှန်သော်လည်း  “အသံတိတ်”  အနေအထား (silent mode) ထားရှိခြင်း၊  သို့တည်းမဟုတ်    အလိုအလျောက် ဖြေကြားခြင်း ပြုလုပ်နိုင်ပါသည်။ အီးမေးလ်များကို တစ်ချိန်လုံး ဝင်ရောက်ကြည့်ရှု၊  ဖြေကြားခြင်းမှ  ရပ်ဆိုင်းပါ၊  နှစ်နာရီလျှင် တစ်ကြိမ်၊  သို့မဟုတ်  သုံးနာရီလျှင်    တစ်ကြိမ်    စသည်ဖြင့် အီးမေးလ်များ စစ်ဆေးခြင်းပြုလုပ်နိုင်သည်။

(ဃ)အလုပ်ကို အချိန်ဆွဲ၍ လုပ်ဆောင်ခြင်း မပြုပါနှင့်။

အလုပ်ကို အချိန်ဆွဲလုပ်ကိုင်ခြင်းမှာ အမှန်စင်စစ် တန်ဖိုးရှိသည့်အချိန်များကို  အချည်းနှီးကုန်ဆုံးစေခြင်းပင်ဖြစ်သည်။ လုပ်ကိုင်ရန်ရှိသည့် အလုပ်တစ်ခုကို အချိန်ဆွဲခြင်း၊ ရွှေ့ဆိုင်းထား ခြင်းမှာ လွယ်ကူသော်လည်း ယင်းသို့ အချိန်ဆွဲလုပ်ကိုင်နေခြင်းဖြင့် ရံဖန်ရံခါလုပ်ဆောင်ရမည့် အလုပ်ကို လက်တွေ့အကောင် အထည်ဖော်ရေးအပေါ်  ပြန်လည်သုံးသပ်ခြင်း၊  စဉ်းစားမိခြင်း ဖြစ်ပေါ်တတ်သည်။  ထိုမှတစ်ဆင့်  အမှန်တကယ်  လုပ်ဆောင်ရမည့် ကိစ္စကို လုံးလုံးလျားလျား မဆောင်ရွက်သည့် အခြေအနေ သို့ပင်  ရောက်ရှိတတ်သည်။  ယင်းကဲ့သို့    အခြေအနေမျိုးကို ရှောင်ရှားနိုင်ရန် လုပ်ကိုင်ရမည့်အလုပ်နှင့် ပတ်သက်၍ မည်သို့သော  အလုပ်ဖြစ်စေကာမူ  လွယ်ကူသည်ဖြစ်စေ၊  ခက်ခဲသည် ဖြစ်စေ “ချက်ချင်းလုပ်ဆောင်ရမည်”  ဟု အစဉ်နှလုံးသွင်းသင့် သည်။ “ချက်ချင်းလုပ်ပါ”  (Do it now.)ဆိုသည့် စကားစုမှာ ကမ္ဘာ့ခေါင်းဆောင်အချို့ကိုယ်တိုင်  ပြောဆိုကျင့်သုံးကြကြောင်း တွေ့ရှိနိုင်သည်။

(င)မိမိ၏  အားလပ်ချိန်အား ကြိုတင်ပြင်ဆင်စီစဉ်ထားပါ။

မိမိအားလပ်ချိန်အတွင်း သင့်လျော်သည့်အချိန်တွင် သင့်လျော်သည့် နေရာသို့ ရောက်ရှိနေရမည့် လှုပ်ရှားဆောင်ရွက်ချက်များကို ရွေးချယ်လုပ်ဆောင်ပါ။ ဥပမာဆိုရသော် ကျန်းမာရေးလေ့ကျင့်ခန်းကို မိမိ၏ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းထက် အားကစားရုံ၌ စနစ်တကျ လေ့ကျင့်သင်ကြားပေးမည့် ကာယဆရာနှင့် ညှိနှိုင်းလေ့ကျင့်ခြင်း သို့မဟုတ်  လေ့ကျင့်မှုသင်တန်းသို့ တက်ရောက်ခြင်းက ပိုမိုထိရောက်မှု ရှိစေမည်ဖြစ်ပါသည်။ သို့မှသာ  လေ့ကျင့်ခန်းသို့   သွားရောက်ရမည့် အစီအစဉ်ကို မပျက်မကွက်လိုက်နာရန်        တွန်းအားဖြစ်စေမည့်အပြင် ကျွမ်းကျင်သူတို့၏ အကူအညီကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

(စ) မိမိ၏ လုပ်ရပ်များနှင့် ပတ်သက်၍ ရိုးသားပွင့်လင်းမှု ရှိပါ။

မိမိ၏ လုပ်ရပ်တိုင်းနှင့် ပတ်သက်၍ “ယခု လုပ်ဆောင် လျက်ရှိသည့်  အရာမှာ  မိမိ၏ရည်မှန်းချက်  ပြည့်ဝစေရေး အတွက်  အထောက်အကူပြု-  မပြု”  ဟူသည့်  မေးခွန်းကို အစဉ်မေးခွန်း   ထုတ်သင့်သည်။       အကယ်၍     အဖြေမှာ  “အထောက်အကူ  မပြု”  ဟုဆိုပါက  လုပ်ဆောင်နေသည့် အရာကို  ပြောင်းလဲရန် လိုမည်ဖြစ်သည်။

(ဆ) အချက်သုံးချက်ကို အစဉ်အမှတ်ရပါ

“ပြုလုပ်ပါ”၊  “တာဝန်ခွဲပေးပါ” သို့မဟုတ် “စွန့်ပစ်ပါ” ဟူသည့် အချက်သုံးချက်ကို အစဉ်အမှတ် ရနေသင့်ပါသည်။ လုပ်ဆောင်ရန်  ရှိသည်တို့ကို  မိမိကိုယ်တိုင်  ပြုလုပ်နိုင်ပါက ချက်ချင်းပြုလုပ်ပါ။ သို့မဟုတ်ပါက မိမိကိုယ်စား လုပ်ဆောင်နိုင်သူ  အခြားသူတစ်ဦးကို တာဝန်ပေးအပ်ပါ။ မိမိကိုယ်တိုင်လည်း ပြုလုပ်ရန်မလို၊  အခြားသူတစ်ဦးတစ်ယောက်ကိုလည်း တာဝန်ပေးရန်   မလိုသည့်   အရာများကို    စွန့်ပစ်လိုက်ပါ။  

“သင်လုပ်ဆောင်နိုင်သည့်  အရာများကိုသာ  ပြုလုပ်ပါ” ဟူသည့် အချက်ကို အစဉ်အမှတ်ရနေသင့်ပါသည်။

စာဖတ်သူတို့အနေဖြင့်      အထက်ဖော်ပြပါ      အချက် ခုနစ်ချက်ကို မိမိဘဝ နေထိုင်ရေးပုံစံအဖြစ် အစဉ်အမှတ်ရ၍ လိုက်နာလုပ်ဆောင်မည်ဆိုပါက  နိစ္စဓူဝ ဆောင်ရွက်နေရသည့် ကိစ္စရပ်များ၊ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများထဲမှ အချိန်ဆိုသည့်  အရင်းအမြစ်ကို  ပိုမိုထိရောက်စွာ  အသုံးချနိုင်မည် ဖြစ်သည်။  

ကောင်းမွန်