အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံး သို့မဟုတ် စင်ကာပူက ရွှေ့ပြောင်းလုပ်သားထု

ကလျာမိုးမြင့်

 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် သို့မဟုတ် ကိုဗစ်-၁၉ လို့ နာမည်မတပ်ရသေးခင်ကတည်းက စင်ကာပူနိုင်ငံဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှု အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေကို တင်းတင်းကျပ်ကျပ် ချမှတ်ခဲ့ပြီး ရောဂါကူးစက်မှုဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေနဲ့ နောက်ကြောင်းရာဇဝင် စုံစမ်းစစ်ဆေးမှုတွေကို တောက်လျှောက်လုပ်ဆောင်လာခဲ့တာပါ။

 

ကူးစက်မှုမြင့်တက်

 

ဒါပေမယ့် မကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံအတွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတဲ့ အရေအတွက်ဟာ ဒုံးကျည်တစ်စင်း ပစ်ခွင်းလိုက်သလို အဟုန်မျိုးနဲ့ မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တာကို တွေ့မြင်လာရပါတယ်။ ဧပြီ ၉ ရက်မှာ စင်ကာပူ ရဲ့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ အမြင့်ဆုံးနေ့ တစ်နေ့ဖြစ်ခဲ့ပြီး အဲဒီနေ့မတိုင်မီ တစ်ရက်အလိုမှာ ရောဂါထပ်မံ ကူးစက်ခံရသူ ၁၄၂ ဦး ရှိခဲ့ရာကနေ နောက်တစ်ရက်မှာ ထပ်မံကူးစက် ခံရသူဟာ ၂၈၇ ဦးအထိ ရှိပါတယ်။

 

များသောအားဖြင့် ရောဂါကူးစက်မှုတွေဟာ လူနေထူထပ်များပြားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထားရှိရာ အဆောက်အအုံတွေဆီကနေ လာတယ်လို့ သိရပါတယ်။ စင်ကာပူဟာ အခုဆိုရင် နိုင်ငံရဲ့ တချို့တစ်ဝက်ကို အဝင်အထွက်ပိတ်ဆို့မှု လုပ်ထားရပြီး စာသင်ကျောင်းတွေနဲ့ အဓိကမကျတဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်သိမ်းထားရတဲ့အပြင် ပြည်သူတွေလည်း အိမ်ထဲက အိမ်ပြင်မထွက်ဖို့ အစိုးရက ညွှန်ကြားချက် ထုတ်ထားတဲ့ အချိန်ကာလပါ။

 

သင်ခန်းစာယူစရာ

 

မှန်တယ်ဆိုတဲ့ အရာမှန်သမျှကို လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတစ်ခုလို့ထင်ရတဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ စင်ကာပူမှာ ဆင်းရဲတဲ့နိုင်ငံတွေအတွက် အရေးကြီးတဲ့ သင်ခန်းစာ ယူစရာတွေရှိနေတယ်။ ပြီးတော့ အဲဒီသင်ခန်းစာကို လက်တွေ့ အသုံးချဖို့လည်း အချိန်မီသေးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။

 

စင်ကာပူမှာ ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသူတစ်ဦးကို စောစီးစွာ တွေ့ရှိခဲ့ပါတယ်။ အဲဒီလူက ဇန်နဝါရီ ၂၃ ရက်မှာ ဝူဟန်မြို့ကနေ ရောက်လာတဲ့ တရုတ်ခရီးသွား တစ်ဦးဖြစ်ပါတယ်။ အဲဒီနေ့ဟာ ဗိုင်းရပ်စ် စတင်ပေါက်ဖွားရာ ဗဟိုချက်မဖြစ်တဲ့ ဝူဟန်မြို့ကို အဝင်အထွက် ပိတ်ဆို့မှုပြုလုပ် လိုက်တဲ့နေ့ပါပဲ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်လို့ တရားဝင် အမည်တပ်လိုက်တဲ့အချိန်မှာပဲ ဗိုင်းရပ်စ်ဟာ စင်ကာပူမှာရှိတဲ့ များပြားလှစွာသော ပြည်သူလူထုကြား အရှိန်အဟုန် ကောင်းကောင်းနဲ့ ကူးစက်ပျံ့နှံ့လို့ နေခဲ့ပါပြီ။ ဒါပေမယ့် ကောင်းစွာလေ့ကျင့်ထားတဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။

 

ကန့်သတ်စောင့်ကြည့်

 

လေဆိပ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တဲ့အပြင် ဗိုင်းရပ်စ်သံသယရှိ လူနာတိုင်းကို တိကျသေချာတဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ ရောဂါပိုးရှိသူနဲ့ အနီးကပ် ဆက်ဆံမှု ရှိခဲ့သူတိုင်းကို နောက်ကြောင်း လိုက်ခဲ့ပြီး အဲဒီသံသယရှိသူတွေ အခြေအနေ ကောင်းသွားပြီဆိုတဲ့ အချိန်အထိ ၎င်းတို့ရဲ့ နေအိမ်မှာ ကန့်သတ်စောင့်ကြည့်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

 

အစိုးရရဲ့ ကောင်းမွန်တဲ့ ချဉ်းကပ်မှု

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရိုစ် အက်ဒဟာနွန်ဂီဘရီရက်ဆပ်စ်က စင်ကာပူရဲ့ လုပ်ဆောင်ချက်တွေဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ရာမှာ အစိုးရရဲ့ ကောင်းမွန်တဲ့ ချဉ်းကပ်ဆောင်ရွက်မှု သာဓကတစ်ခုပဲလို့ အသိအမှတ်ပြု စကားဆိုခဲ့ပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ ကြာတဲ့အထိ စင်ကာပူဟာ ရောဂါကူးစက်ခံရသူ အရေအတွက်ကို နည်းနိုင်သမျှနည်းအောင်နဲ့ မျက်ခြည်မပြတ် သိရှိနိုင်အောင် ထိန်းထားနိုင်ဖို့ စီမံဆောင်ရွက်ခဲ့ပါတယ်။

 

စင်ကာပူရဲ့ စီမံဆောင်ရွက်မှုစနစ်ဟာ မတ်လလယ် မရောက်ခင်အချိန်အထိ အလုပ်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေတဲ့ အခြေအနေတွေ ကွက်ကွက်ကွင်းကွင်း ဖြစ်လာချိန်မှာ နိုင်ငံတွေ အများအပြားဟာ ပြည်သူတွေကို အိမ်ထဲမှာပဲ နေကြဖို့စပြီးတိုက်တွန်းနေကြပြီ ဖြစ်ပါတယ်။ ရောဂါကူးစက်ဖြစ်ပွားမှု အရိပ်အယောင်မပြသေးတဲ့ နိုင်ငံတွေကနေ ထောင်နဲ့ချီတဲ့ပြည်သူတွေ စင်ကာပူဆီ ပြန်လာကြပြီး ဒီလူတွေထဲမှာ လူအယောက်ငါးရာလောက်ဟာ ဗိုင်းရပ်စ်ကို ၎င်းတို့နဲ့တစ်ပါတည်း သယ်ဆောင်ပြီး အိမ်ပြန်ရောက်လာခဲ့ကြပါတယ်။

 

ပြည်ပကဝင်လာသူတွေဆီကဖြစ်

 

ပြန်ရောက်လာကြသူတွေကို နေအိမ်မှာ ရက်သတ္တနှစ်ပတ်ကြာအောင် စောင့်ကြည့် ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ သို့သော်လည်းပဲ အိမ်ထောင်စု အတွင်းမှာရှိတဲ့ တခြားသူတွေက ၎င်းတို့ရဲ့ ဝမ်းရေးအတွက် အလုပ်ဆက်လုပ်ရမယ်ဆိုပြီး ပြောလာကြတယ်။ ဒီအချိန်မှာ ဘယ်သူမှ ရောဂါလက္ခဏာ မပြသေးဘူးလို့ စင်ကာပူရှိ ပြည်သူ့ကျန်းမာရေး ကျောင်းတစ်ကျောင်းမှ ပရော်ဖက်ဆာ ရစ်ရင်တီယိုက ပြောပါတယ်။

 

နိုင်ငံအတွင်း ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရတဲ့သူ အရေအတွက်ဟာ မတ်လအလယ်လောက် ကစပြီး မြင့်တက်လာခဲ့ပါတယ်။ ကူးစက်ဖြစ်ပွားမှု အများစုဟာ ပြည်ပကနေ ဝင်လာတဲ့သူတွေ ဒါမှမဟုတ် အဲဒီလူတွေနဲ့ ဆက်စပ်နေတဲ့သူတွေဆီကပဲ အဖြစ်များတယ်။ ပြည်တွင်းမှာ ဖြစ်ပွားတဲ့ ကူးစက်မှုတွေ အားလုံးကို အလွယ်တကူ နောက်ကြောင်းလိုက်ဖို့က အဆင်မပြေဘူးလို့ ၎င်းက ဆိုပါတယ်။

 

အိမ်ပြင်မထွက်ရ

 

အချိန်လွန်ပြီးမှ သိရတဲ့ အသိတစ်ခုနဲ့ နေရပ်ပြန်လာတဲ့သူတွေကို ကန့်သတ်ပိတ်ပင်မှု မလုပ်တာကို မှားတယ်လို့ ပြောဖို့ကလွယ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိမှာ ပြီးခဲ့တဲ့မတ်လ တုန်းကနဲ့စာရင် ရောဂါနဲ့ပတ်သက်တာတွေကို ပိုပြီး သိရှိနားလည်လာကြပြီ။ စင်ကာပူမှာ ရောဂါ ကူးစက်ခံရသူတွေ အားလုံးရဲ့ အသေးစိတ် မှတ်တမ်းတွေလိုဟာမျိုးကို တိတိကျကျ သိမ်းဆည်းထားတဲ့အတွက် ပြည်တွင်းမှာ ကူးစက်ပျံ့နှံ့မှုကနေ သင်ခန်းစာယူနိုင်တယ်။ ရောဂါကူးစက်မှု ဘယ်ကနေ လာတယ်ဆိုတာကို နားလည်သဘောပေါက်ခြင်းအားဖြင့် ဘယ်လို စီမံဆောင်ရွက်ရမယ်ဆိုတဲ့ နည်းလမ်းတွေ ထွက်ပေါ်လာတယ်လို့ ပရော်ဖက်ဆာတီယိုက ပြောပြခဲ့ပါတယ်။

 

အမိန့်ထုတ်ပြန်

 

ပြီးခဲ့တဲ့ ဧပြီ ၇ ရက် ညနေမှာ နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းကို အဝင်အထွက်ပိတ်ဆို့မှု ချမှတ်လိုက်တဲ့ အမိန့်တစ်ရပ်ကို စင်ကာပူက အတည်ပြုလိုက်ပါတယ်။ ဥပဒေအရ နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူတိုင်းဟာ မဖြစ်မနေ လှုပ်ရှားသွားလာဖို့ လိုအပ်တဲ့ အခြေအနေကလွဲပြီး နေအိမ်ကနေအပြင် လုံးဝမထွက်ဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။ တားမြစ်ချက် ကို ချိုးဖောက်တဲ့သူဟာ ဒဏ်ငွေ စင်ကာပူ ဒေါ်လာ ၁၀၀၀၀ (အမေရိကန်ဒေါ်လာ ၇၀၀၀) ပေးဆောင်ရမယ်။ ဒါမှမဟုတ် ထောင်ဒဏ် ခြောက်လ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

 

ခပ်ခွာခွာနေဖို့ခက်ခဲ

 

အစိုးရရဲ့ အမိန့်ထုတ်ပြန်ချက်က ထိုက်သင့်သလောက် အကျိုးသက်ရောက်မှုရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ စင်ကာပူက ရွှေ့ပြောင်းလုပ်သားတွေ အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကနေ လာရောက်ပြီး သင်္ဘောနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ရာထောင်ချီတဲ့ အလုပ်သမားတွေအကြား လူဦးရေထူထပ်မှုနဲ့ ပြွတ်သိပ်ကျပ်ညပ်စွာ နေထိုင်ကြရမှု အခြေအနေတွေကြောင့် ကိုဗစ်-၁၉ ကူးစက်မှု အဆမတန် မြင့်တက်လာနိုင်တဲ့ အခြေအနေဟာ ကြက်သီးထဖွယ်ကောင်း လောက်အောင် ဖြစ်လာခဲ့ပါတယ်။

 

စင်ကာပူအနေနဲ့ နိုင်ငံ့စီးပွားရေးကို ပုံမှန်လည်ပတ်နေဖို့က ဒီလုပ်သားတွေအပေါ်မှာလည်း အတန်အသင့် မှီခိုအားထားနေရတာဖြစ်သလို နေရာထိုင်ခင်း အဆင်မပြေလှတဲ့ ဒီလူတွေ အကြားမှာ social diatancing လို့ခေါ်တဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့က လုံးဝမဖြစ်နိုင် ပါဘူး။ ရွှေ့ပြောင်းလုပ်သားတွေ နေတဲ့အဆောင်တွေမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ၅၀၀ နီးပါးရှိလာတယ်လို့ သိရပြီးနောက် လာမယ့် ရက်သတ္တပတ်တွေမှာ ကူးစက်ခံရသူ အရေအတွက် မတန်တဆ ပွားများလာမှာကို စိုးထိတ်နေရပါတယ်။ ။