အချိန်ပိုတွင် ဟယ်ရီကိန်း၏ သွင်းဂိုးဖြင့် အင်္ဂလန် ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲတက်လှမ်း

ယူရို ၂၀၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနှင့် ဒိန်းမတ်အသင်းတို့ ပွဲစဉ်ကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ပေါင်း ၅၅ နှစ် အကြာတွင် ဗိုလ်လုပွဲသို့ ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့သည်။ ယနေ့ပွဲစဉ်တွင် အင်္ဂလန်အသင်းသည် ဒိန်းမတ်အသင်းကို အနိုင်ရရှိရန်အတွက် အချိန်ပိုအထိ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဟယ်ရီကိန်း၏ သွင်းဂိုးနှင့်အတူ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်အသင်းသည် ယနေ့ ပွဲစဉ်တွင် အားထားရသည့် ကစား သမားအများစုဖြင့် ဒိန်းမတ်အသင်းကို ရင်ဆိုင်လာခဲ့သလို ဒိန်းမတ်အသင်းကလည်း အဓိက ကစားသမားအများစုဖြင့် အင်္ဂလန်အသင်းကို ရင်ဆိုင်လာခဲ့သည်။ ဦးဆောင်ဂိုးကို ဒိန်းမတ်အသင်းက စတင်ရရှိခဲ့ပြီး ပွဲချိန် မိနစ် ၃၀ တွင် ဒမ်းစ်ဂါ့ဒ်က အလွတ်တည်ကန်ဘောမှတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း ၃၉ မိနစ်တွင် ဒိန်းမတ် အသင်းမှ ကေဂျာ ကိုယ့်ဂိုးကိုယ်သွင်းယူမိသလိုဖြစ်ခဲ့၍ ပထမပိုင်းတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျ နေခဲ့သည်။

ဒုတိယပိုင်းတွင် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုများ ရှိခဲ့သော်လည်း နှစ်ဖက်ဂိုးသမားများ ကာကွယ်ထားနိုင်မှုတို့ကြောင့် ပထမပိုင်းရလဒ်ဖြင့်ပင် ပြီးဆုံးခဲ့သည်။ သာမန်ပွဲချိန်အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့သောကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ရသည်။ အချိန်ပို ၁၀၄ မိနစ် အရောက်တွင် အင်္ဂလန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဟယ်ရီကိန်းက သွင်းယူပေးနိုင်ခဲ့သည်။ ဒိန်းမတ် အသင်းသည်အင်္ဂလန်အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးလိုက်ရပြီးနောက် ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းသည် ယူရို ၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အဆိုပါဗိုလ်လုပွဲကို ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် အင်္ဂလန်နိုင်ငံ ဝင်ဘလေအားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အောင်ဇော်