သတင်းဆောင်းပါး - မယု - မျိုးအောင်(MANA)
ဝက်သက်ရောဂါသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းမှတစ်ဆင့်အဓိက ကူးစက်တတ်ပြီး နှာခေါင်းနှင့် လည်ချောင်းတို့မှထွက်ရှိသော အရည်များကို ထိတွေ့မိခြင်း၊ လူနာနှင့် အနီး ကပ်ထိတွေ့နေထိုင်ခြင်းတို့မှ တစ်ဆင့် ကူးစက်ပြန့်ပွား နိုင်သည်။
မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင်တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် အသက် ၁၈ နှစ်မှ ၂၀ ခန့်အသက်အုပ်စုများ၌ ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှု၁၅ ကြိမ်ရှိခဲ့ပြီး နယ်စပ်ဒေသ ကာကွယ် ဆေးထိုးနှံမှုအားနည်းခဲ့သော ဒေသများ၌ ဖြစ်ပွားသေဆုံးမှုများပင်ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက မြန်မာနိုင်ငံတွင်ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကပ်ရောဂါအသွင် ဖြစ်နိုင်ခြေရှိခြင်းကြောင့် ရောဂါကာကွယ်ဆေးများကို တစ်နိုင်ငံလုံး၌ အစုလိုက် တစ်ပြိုင်နက် ထိုးနှံပေးခဲ့သည်။
ဝက်သက်ကာကွယ်ဆေး ထိုးနှံ
ကာကွယ်ဆေးကို ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်နှင့် နှစ်ရပ်ခွဲ၍ ထိုးနှံပေးခဲ့ပြီး ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်ကို၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ရက်နှင့် ၂၇ ရက်အထိ အသက်ငါးနှစ်မှ ၁၅ နှစ်အကြား ကလေးငယ်များတွင် ထိုးနှံပေးခဲ့သည်။ ပြည်သူလူထုအခြေပြု ကာကွယ် ဆေးထိုး အစီအစဉ်ကို၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၈ ရက်အထိ အသက်ကိုးလမှ ငါးနှစ်အကြား ကလေးငယ်များနှင့် ပထမအကြိမ်တွင်ဆေးထိုးရန် ကျန်ရှိသောကလေးများအားလုံးကို ထိုးနှံပေးခဲ့သည်။
ကျောင်းအခြေပြုကာကွယ်ဆေးထိုး အစီအစဉ်တွင်အစိုးရ၊ ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင်စာသင် ကျောင်းများတွင် တက်ရောက်နေသော (ကျောင်းအပ်စာရင်းသွင်းထားသော) မူလတန်း၊ အလယ်တန်း၊ အထက်တန်းများမှကျောင်းသားများအနက် အသက် ၁၅ နှစ်မကျော်သော (၁၅ နှစ်တင်းတင်းပြည့်သူ အပါ အဝင်) ကျောင်းသူကျောင်းသား များကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင် လူထုအတွင်းရှိ အသက်ကိုးလမှ ၁၅ နှစ်အထိ ကျောင်းမနေသော ကလေးများနှင့်ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်တွင်ကာကွယ်ဆေးမထိုးလိုက်ရဘဲ ကျန်ခဲ့သော ကလေးများကိုအစုလိုက် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ဝက်သက်ရောဂါအဖြစ်များသော မြို့နယ်ခုနစ်မြို့နယ်၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် အသက် ကိုးလမှ ၁၅ နှစ်အရွယ်ကလေးများကို ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဝက်သက်ရောဂါ အဖြစ်များသည့် မြို့နယ်များဖြစ်သည့်လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တို့ရှိကျန်းမာရေးဌာနများနှင့် ရပ်ကွက်အတွင်း စုရပ်နေရာများ၌ ကာကွယ် ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ လက်ထောက်òန်ကြား ရေးမှူး ဒေါက်တာအောင်နိုင်ဦးက ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြောသည်။
၂၀၁၆ ခုနှစ်က လှိုင်သာယာမြို့နယ်တွင် ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလတွင် တွံတေးမြို့နယ်၊ အင်းစိန်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တို့ပါဝင်သည့် ငါးမြို့နယ်၌ ကာကွယ်ဆေးအထူးစီမံချက်အနေဖြင့်ထိုးနှံပေးခဲ့သည်။
ဝက်သက်ရောဂါဖြစ်ပေါ်ပုံ
ဝက်သက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်မြန်သော ရောဂါ ဖြစ်ကြောင်း သိရသည်။ “ဝက်သက်ကာကွယ်ဆေးက ပုံမှန်လည်းထိုးပေးနေ တာဖြစ်တယ်။ အဖြစ်များတဲ့ ခုနစ်မြို့နယ်မှာ အပိုဆောင်း ထပ်တိုးတာ ဖြစ်တယ်။ ကလေးအမေနဲ့ အုပ်ထိန်းသူတွေက ကျန်းမာရေးဝန်ထမ်းတွေ ထိုးပေးနေတဲ့အချိန်မှာ လိုလိုချင်ချင်နဲ့ ကလေးတွေကို ကာကွယ်ဆေး လာရောက်ထိုးနှံဖို့လိုပါတယ်။ လိုလိုချင်ချင်နဲ့ ကာကွယ်ဆေးလာထိုးကြပါ” ဟု၎င်းက ပြောသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ယခုနှစ် နိုဝင်ဘာနှင့်ဒီဇင်ဘာတွင် ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ပြီး ဝက်သက်ရောဂါဖြစ်ပွားမှုမှာ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးတွင် ၁၂၇၆ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဓိကအားဖြင့် ယခင်ထိုးနှံစဉ်က ဓာတ်မတည့်မှုမျိုး၊ ကျန်းမာရေးမကောင်းသော ကလေးများကိုသာ ကာကွယ်ဆေးထိုးပေးမည်မဟုတ်ဘဲ ကျန်သည့်ကလေးများ ကာကွယ်ဆေးထိုးနှံနိုင်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝက်သက်ရောဂါအစု လိုက်ဖြစ်ပွားခဲ့ပြီး ကျန်းမာရေးဌာနက ရက်ပိုင်းအတွင်း ကာကွယ်ဆေးထိုးခြင်းကို အရေးပေါ်အစီအစဉ်ဖြင့် လုပ်ဆောင်ခဲ့ရသည်။ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လဟယ်မြို့နယ်နှင့်နန်းယွန်းမြို့နယ်များရှိ ကျေးရွာများတွင် ဝက်သက်ရောဂါ အစုလိုက်ဖြစ်ပွားခဲ့ခြင်းကြောင့် လူသေဆုံးမှုများပင်ရှိခဲ့သည်ဟု သိရသည်။
ဝက်သက်ရောဂါပပျောက်ရေး
နာဂဒေသအပါအဝင် ကာကွယ်ဆေးလွှမ်းခြုံမှုရာ ခိုင်နှုန်းနည်းသည့် ကချင်၊ ကယား၊ ရခိုင်ပြည်နယ်၊ “ဝ” နှင့် ကိုးကန့်ဒေသများတွင် ကာကွယ်ဆေးများ ထိုးနှံရန် “အထူးကာကွယ်ဆေးထိုးစီမံချက်” ကို လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်ဝက်သက်ရောဂါပပျောက်ရေးနှင့် မွေးရာပါဂျိုက်သိုးရောဂါ လက္ခဏာထိန်းချုပ်ရေးတို့ကို လာမည့် ၂၀၂၀ ပြည့်နှစ်တွင်အပြီးတိုင်လုပ်ဆောင်ရန် ချမှတ်ထားပြီး ယင်းစီမံချက်ကိုယူနီဆက် က္ဘာ့ကျန်းမာရေးအဖွဲ့၊ ယူအင်န်၊ အမေရိကန်ကြက်ခြေနီနှင့် ရောဂါထိန်းချုပ်ကာကွယ်ရေး အမေရိကန်စင်တာ များက ဦးဆောင်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ဝက်သက်ရောဂါသည် ဝက်သက်ရောဂါ ကာကွယ်ဆေး မထိုးထားသော ကလေးငယ်များတွင် ဝက်သက်နှင့်နောက်ဆက်တွဲရောဂါများ ဖြစ်ပွားနိုင်သည့် အန္တရာယ်အများဆုံး ဖြစ်ပြီး ဝက်သက်ရောဂါ မဖြစ်ဖူးသူများတွင်လည်း ကာကွယ်ဆေး မထိုးပါက ဖြစ်ပွားနိုင်သည်။ ကာကွယ်ဆေးကို ကလေး အသက် ကိုးလတွင် ပထမအကြိမ်၊ အသက်တစ်နှစ်ခွဲတွင် ဒုတိယအကြိမ်နှစ်ကြိမ်ထိုးနှံပေးခြင်းဖြင့် ကာကွယ် နိုင်ပေသည်။
မြန်မာနိုင်ငံတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ကလေးငယ်များအတွက် ဘီ၊ စီ၊ ဂျီ ကာကွယ်ဆေး၊ ဆုံဆို့ကြက်ညှာမေးခိုင်ရောဂါကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ဖြင့် စတင်ခဲ့သည်။
ပိုလီယိုအစက်ချကာကွယ်ဆေးနှင့် ဝက်သက်ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ၁၉၈၇ ခုနှစ်တွင်တိုးချဲ့ထည့်သွင်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဝက်သက်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ဆက်လက်တိုးချဲ့ထည့်သွင်း ခဲ့သည်။
၂၀ဝ၂ ခုနှစ်မှစ၍၂၀ဝ၄ ခုနှစ်အထိ သုံးကြိမ်ခွဲပြီး မြန်မာ တစ်နိုင်ငံလုံး၌ အစုလိုက်ဝက်သက်ရောဂါ ကာကွယ်ဆေးထိုး ခြင်း၊ ၂၀ဝ၇ ခုနှစ်တွင် သုံးကြိမ်ခွဲပြီး မြန်မာတစ်နိုင်ငံလုံး၌ အစုလိုက်ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ၂၀ဝ၈ ခုနှစ်တွင် သဘာဝဘေးအန္တရာယ် (နာဂစ်မုန်တိုင်း)ကျရောက်သော ဒေသများတွင် အရေးပေါ် ဝက်သက်ရောဂါကာကွယ်ဆေးထိုး ပေးခြင်းတို့ကြောင့် ဝက်သက်ရောဂါဖြစ်ပွားမှု ဝက်သက်ရောဂါ၏ နောက်ဆက်တွဲဖြစ်ရပ်များနှင့် ရောဂါကြောင့်သေဆုံးမှုများလည်း သိသိသာသာ ကျဆင်းခဲ့သည်။
ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံသင့်
ယခုနှစ်အတွင်း မြန်မာနိုင်ငံ ဆေးသုတေသနညီလာခံတွင်တင်သွင်းခဲ့သည့် သုတေသနစာတမ်းတစ်စောင်အရ မြန်မာ နိုင်ငံရှိ အသက် ၁၂ လမှ ၂၃ လကြားအရွယ် ကလေးငယ်များ၏ ၄၅ ရာခိုင်နှုန်းကျော်မှာ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံကြောင်း ဖော်ပြထားသည်။
ယင်းသုတေသနစာတမ်းမှာ မြန်မာနိုင်ငံရှိ အသက် ၁၂ လမှ ၂၃ လကြားအရွယ် ကလေးများတွင် ကာကွယ်ဆေးအပြည် မထိုးခြင်း သို့မဟုတ် လုံးဝမထိုးခြင်းအား လွှမ်းမိုးသောအချက်များကို မြန်မာ့လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာ အ စီရင်ခံစာ (၂၀၁၅-၂၀၁၆) အပေါ် အခြေခံ၍ နောက်ဆက်တွဲလေ့လာသည့် သုတေသန စာတမ်းဖြစ်သည်။ သုတေသနတွင်ကလေးငယ် ၈၅၂ ဦး၏ ကာကွယ်ဆေးထိုးခြင်း အခြေအနေနှင့်အိမ်ထောင်စု၊ မိခင်၊ ကလေးနှင့် သက်ဆိုင်သော အချက်အလက်များ၏ ဆက်စပ်မှုကို အဆင့်များခွဲခြား၍ လေ့လာ ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အသက် ၁၂ လမှ ၂၃ လကြားအရွယ်ကလေးများ၏ ၄၅ ဒသမ ၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့် မထိုးကြောင်း သို့မဟုတ် လုံးဝမထိုးကြောင်း တွေ့ရှိခဲ့ရပြီး ကာကွယ် ဆေးမထိုးခြင်းသည် မြို့ပြ၌ ၃၂ ဒသမ ၅ ရာ ခိုင်နှုန်း၊ ကျေးလက်၌ ၄၉ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်ဟုဖော်ပြထားသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက်ဧရာဝတီတိုင်းဒေသကြီးတွင် ကာကွယ် ဆေးမထိုးသူ ၆၆ ရာ ခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ပျက်ကွက်ခဲ့သည့် ကလေးငယ်များအတွက် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ကို တစ်နိုင်ငံလုံးရှိ ခုတင် ၁၀ဝ ဆံ့နှင့်အထက် ပြည်သူ့ဆေးရုံ ၉၀ ကျော်တွင် လုပ်ဆောင်ပေးလျက်ရှိသည်။
ဆေးရုံအခြေပြုကာကွယ်ဆေးထိုးခြင်းအစီအစဉ်သည်ပြည်သူလူထုက ကာကွယ်ဆေးကို ပိ်ုမိုလက်လှမ်းမီ စေရန်နှင့်ကာကွယ်ဆေးထိုးလုပ်ငန်းကို ဆောင်ရွက်ပေးရန် အမြဲအသင့်ရှိစေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်ပြီး အကြောင်း ကြောင်းကြောင့် ကာကွယ်ဆေးအပြည့်အဝမရရှိခဲ့သည့်ကလေးများကို ကာကွယ်ဆေး အားလုံး အကြိမ်ပြည့် အပြည့်အဝ ရရှိနိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။
ပိုဆောင်း ထိုးနှံသွားမည်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မင်္ဂလာဒုံမြို့နယ်များတွင် ဝက်သက်ရောဂါ ကပ်အသွင်ဖြစ်ပွား မှုရှိနေခြင်းကြောင့် ကျန်းမာရေးဌာနက ယင်းမြို့နယ်များတွင်နေထိုင်သည့် အသက်ကိုးလမှ ၁၅ နှစ်အတွင်း ကလေးငယ် ခြောက်သိန်းနီးပါးကို ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံသွားမည်ဖြစ်သည်။
“အခုဝက်သက်ဖြစ်တဲ့ ကလေးတွေက ကာကွယ်ဆေး အကြိမ်ပြည့် မထိုးထားတဲ့ ကလေးတွေဖြစ်ပါတယ်။ တချို့မြို့နယ်တွေက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွေမှာလည်း ၉၀ ရာခိုင်နှုန်းမကျော်ဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကဆို ၈၅ ရာခိုင်နှုန်းတောင် မရောက်ခဲ့တာမျိုးတွေ ရှိခဲ့တယ်။ ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းခဲ့တဲ့ နေရာတွေမှာ အဓိကဖြစ်ပွားတာပါ။ ရန်ကုန်မှာလိုပဲ ရှမ်းနဲ့ ကရင်ပြည်နယ်မှာလည်း ဖြစ်ပွားမှုရှိနေတယ်။ ရန်ကုန်မှာ ကာကွယ်ဆေးထိုးပြီး ရောဂါဖြစ်ပွားမှု အခြေအနေအရ ရှမ်းနဲ့ကရင်ပြည်နယ် ကိုလည်း ကာကွယ်ဆေးတွေ ဆက်ထိုးပေးသွားဖို့ရှိပါတယ်” ဟု တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောသည်။
ကာကွယ်ဆေးမထိုးနှံရသေးသည့် ကလေးများရှိနေ
ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဝက်သက်ရောဂါ အပါအဝင် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများ နေရာကွက်ကျားဖြစ်ပွားမှုစနစ်တကျ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ပိုမိုအားဖြည့် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခုနှစ်ဒီဇင်ဘာလတွင် ဆောင်ရွက်ရန် စီစဉ်ထားသည့် နိုင်ငံတစ်ဝန်းလုံး အစုလိုက် ဝက်သက်ရောဂါကာကွယ်ဆေးထိုးလုပ်ငန်း မဆောင်ရွက်မီ လတ်တလော ဝက်သက်ရောဂါအဖြစ်များသည့်မြို့နယ်များတွင် ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် Outbreak Respo nse Immunization အနေဖြင့် ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကိုအမြန်ဆုံးစီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်ရှိသော ကလေးများတွင် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရန် အခွင့်အရေးဆုံးရှုံးရခြင်း (သို့မဟုတ်) ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အကြိမ်ရေ အပြည့်အဝမရရှိခြင်းနှင့် ကာကွယ်ဆေးနှင့် အလှမ်းဝေးနေသည့် ကလေးများလည်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မိမိတို့၏ ရင်သွေးငယ်များ ဝက်သက်ရောဂါအန္တရာယ်ကင်းဝေးရေးအတွက် သက်ဆိုင်ရာကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်များကို အထူးအလေးပေး ဆောင်ရွက်ကြပါရန်တိုက်တွန်းရေးသားလိုက်ရပါသည်။