နဒီလှိုင်း(ရာမည)


လောကထဲ၌ ကျွန်ုပ်တို့၏ အရင်ရောက်လာကြပြီးသူ များသည် သူတို့ကြုံတွေ့ရမျှ အတွေ့အကြုံများကို နှောင်းလူတို့ သတိထားဆင်ခြင်မိကြစေဖို့ စကားပုံလေးများ ထားရှိတတ်ကြပါသည်။ ထိုစကားပုံများသည် ခေတ် တွေ အလီလီပြောင်းလဲသွားသော်လည်း ယနေ့ထိတိုင် မှန်ကန်စွာ တည်ရှိနေသည့်အရာသည် "အချိန်ရှိခိုက် လုံ့လစိုက်"ဟူသောစကားပင်ဖြစ်သည်။


အခြားအရာများအား လုံ့လစိုက်ရမည်မှန်သော်လည်း ထိုအရာများသည် အကြောင်းကြောင်းကြောင့် လွဲချော် ခဲ့လျှင် ပြန်၍ ပြင်ဆင်ခွင့် တစ်ဖန်ကြိုးစားခွင့်ရှိကြသေး သည်။ သို့သော် ကုန်လွန်သွားသည့် အချိန်များကိုမူ ပြန်လည်၍ ကြိုးစားခွင့် မရကြပေ။ ထို့ကြောင့်လည်း အချိန်သည် အခြားအရာများထက် ပို၍တန်ဖိုးကြီးခြင်း ဖြစ်သည်။ ထိုတန်ဖိုးရှိသည့်အချိန်များကို စနစ်တကျ အသုံးပြုသင့်သည်။ စနစ်တကျစီမံအသုံးပြုသူများသည် အောင်မြင်သူများ ဖြစ်လာကြသည်။ လောကအတွင်း၌ အောင်မြင်နေ ကြသူများသည် ကြိုးစားခြင်းဟု အမည် နာမတပ်၍ ရနိုင်သော်လည်း အမှန်စင်စစ် အချိန်များကို စနစ်တကျစီမံခန့်ခွဲကာ အသုံးပြုတတ်သူများဖြစ် ကြသည်။ သူတို့သည် အချိန်များကို စက္ကန့်၊ မိနစ်များပင် အလေအလွင့်မခံ။ သူတို့၌ အချိန်အားသည် ဆို၍မရှိ။ အချိန်တိုင်းသည် ဘဝအတွက် ကောင်းကျိုးပြုမည့် အလုပ်များ တစ်ခုမဟုတ်တစ်ခု လုပ်နေတတ်ကြသည်။


ကမ္ဘာပေါ်၌ လူမျိုးများ မည်မျှကွဲပြားနေပါစေ၊ နေ့ည များမည်မျှပင် ခြားနားစေ တူညီစွာပိုင်ဆိုင်ခွင့်ရကြသည်မှာ နေ့ရက် တစ်ရက်၏ နှစ်ဆယ့်လေးနာရီပင်ဖြစ်သည်။ ထိုရ လာသည့် အချိန်များကို အသုံးပြုပုံကွဲပြား၍ တိုးတက် သည့်နိုင်ငံ မတိုးတက်သည့်နိုင်ငံဟူ၍ ခြားနားသွားရခြင်း ဖြစ်သည်။ 

 

အနောက်နိုင်ငံများ၌ Time is Money ဟူ၍ အချိန်၏ တန်ဖိုးထားပုံကို ငွေနှင့် ခိုင်းနှိုင်းယှဉ်ပြထားသည်။ ထို့ကြောင့် သူတို့သည် အချိန်ကို တန်ဖိုးထားကြသည်။ သူတို့ဆီ၌ နာရီဖြင့်ပင် ငွေအရေအတွက်ရသည့်အတွက် အချိန်ကို လွန်စွာတန်ဖိုးထားကြသည်။ မြန်မာလူမျိုး များ၌မူ ငွေသည် ဒုတိယသခင်ဟု အဆိုရှိသော်လည်း ကိုးကွယ်သည့်အရာအား လေးစားမှုမရှိကြသေးပေ။ အချိန်များ ပေါများလျက်ရှိသည်။ တစ်ရက်သာကုန်ပြီး အတတ်ပညာ၊ စီးပွားရေး ဘာတစ်ခုမှ မရကြသည့် လူများ မြန်မာနိုင်ငံ၌ များစွာရှိနေကြသေးသည်။

 

အထူးသဖြင့် မြန်မာနိုင်ငံကလူငယ်များသည် အချိန် များစွာ ပိုနေတတ်ကြသည်။ အိမ်နီးချင်းနိုင်ငံများမှ လူငယ်များသည် လမ်းလျှောက်ချိန်၌ပင် အချိန်ကုန် မည်စိုး၍ အလောတကြီး လျှောက်နေကြစဉ် မြန်မာပြည်ရှိ လူငယ်များသည် လက်ဖက်ရည်ဆိုင်များ၊ ဘိလိယက် ခုံများ၌ အချိန်ဖြုန်းတီးနေကြဆဲဖြစ်သည်။ ဖေ့ဘွတ်၊ ဗိုက်ဘာများ၌ အချိန်များကုန်နေကြဆဲဖြစ်ကြသည်။ တန်ဖိုးရှိသော အချိန်များကို စိတ်အလိုလိုက် ပျော်ရွှင်မှု များဆီ၌သာ ပို၍ ဦးစားပေးနေကြဆဲဖြစ်သည်။ ရရှိလာ သည့် ဘဝသက်တမ်းတိုလေး၌ လုပ်သင့်သည်များနှင့် မလုပ်သင့်သည်များအား သေချာစွာ ဝေခွဲနိုင်မှုမရှိတော့ဘဲ ဖြစ်နေကြရာတန်ဖိုးရှိသည့် အချိန်များအား ဖြုန်းတီးနေကြ သည်မှာ လွန်စွာ နှမြော ဖွယ်ကောင်းလှသည်။


တစ်ခါက လဖက်ရည်ဆိုင် တစ်ဆိုင်၏ ဖုန်းအားသွင်း သည့် နေရာ၌ "သတိ ဖုန်းသူခိုးရှိသည်" ဟူသော စာတန်း ချိတ်ဆွဲထားသည်ကို တွေ့ရဖူးသည်။ လူအများစုတို့သည် ဖုန်းသူခိုးကိုသာ မြင်တတ်ကြပြီး ထိုဖုန်းထဲမှ ဆော့ဝဲလ်များ၏ အချိန်ခိုးမှုကိုကား မြင်ကြသည်မဟုတ်ပေ။ ထိုဖုန်းထဲ၌ ဘဝ၏ တက်လမ်းများစွာကို ပိတ်ဆို့ပစ်မည့် အရာများစွာ ရှိကြသည်။ ဖေ့ဘွတ်၊ ဗိုက်ဘာနှင့် ဂိမ်းစသည်များ သုံးမိလျှင် အချိန်ကုန်သည်ဟူ၍လည်း မသိ။ ထမင်းမေ့ ဟင်းမေ့ဖြစ်နေကြသည်။ အချို့ဆိုလျှင် ဂိမ်းများ အလွန်အကျွံဆော့ခြင်းကြောင့် ပုံမှန်မဟုတ်သော စိတ် အနေအထားဆီသို့ပင် ရောက်သွားတတ်သည်များလည်း တွေ့မြင်နေရပါသည်။ မည်သည့်အရာမဆို တန်လျှင်ဆေး လွန်လျင်ဘေးဟူ၍ ရှိတတ်ကြသည်သာ။ ဘဝ၏ စိတ်အပန်း ဖြေရာ၌ အချိန်အနည်းငယ်ကို သုံးသင့်သည် မှန်သော်လည်း ဘေးဖြစ်မည့်အထိ ရောက်အောင်ကား အသုံးမပြုသင့်ပေ။

 

အချိန်ကို ဖြုန်းတီးမိ၊ ဂရုမစိုက်မိ၍ ဘဝတစ်ခုလုံး ပျက်စီးသွားခဲ့ရသည့် သာဓကများလည်း ရှိကြသည်။ ထိုအထဲမှ ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံသည် ဝါတာလူး စစ်ပွဲ၌ မဆိုစလောက် အချိန်လေးနောက်ကျခဲ့သည့် အတွက် သူ၏ဘဝ၌ ပျက်စီးဆုံးရှုံးခဲ့ရဖူးသည့် ဖြစ်ရပ်များ လည်း ရှိခဲ့ဖူးပါသည်။ ထို့ကြောင့် အချိန်ဟူသည် တန်ဖိုးထား လေးစားတတ်ဖို့ အရေးကြီးလှပေသည်။ ကျောင်းသားများ သည်လည်း ကျောင်းသားဘဝ၌ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်မှသာ စာမေးပွဲရောက်ချိန်၌ အခက်အခဲ မရှိဖြေဆိုနိုင်မည်ဖြစ်ပြီး အလုပ်သမားများသည်လည်း လုပ်ငန်းခွင်၌ အချိန်ကို အကျိုးရှိရှိ သုံးတတ်မှသာလျှင် အောင်မြင်သည့်ဘဝကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။

 

လူတစ်ယောက်အား ဘယ်လိုလူလဲဟူသည်ကို သိလိုလျှင် သူ၏အချိန်များကို မည်သို့အသုံးချသည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်ဟူ၍ ဖတ်မှတ်ရဖူးပါသည်။ အချိန်တိုင်းကြိုးစားနေသူတစ်ဦးသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ ထိုက်တန်သည့် အချိန်လေးစားခြင်း အကျိုး ထူးကို ပိုင်ဆိုင်ရမည်သာ။ အချိန်၏ တန်ဖိုးကြီးမားပုံကို ပုရွက်ဆိတ်နှင့် နှံကောင်ဥပမာဖြင့်လည်း ငယ်စဉ်က သင်ကြားခဲ့ကြရဖူးပါသည်။ ပုရွက်ဆိတ်သည် အချိန်ရှိစဉ် က ကြိုးစားရှာဖွေခဲ့၍ အေးဆေးစွာနေရပြီး နှံကောင်မှာမူ အချိန်ကို မလေးစား၍ ဆင်းရဲဒုက္ခရောက်ကြရပုံကို သင်ကြား ခဲ့ရဖူးသည်။ သို့သော် မြန်မာအများစုတို့သည် စာတွေ့ အသိကို စာအုပ်ထဲ၌သာ ထားခဲ့ကြပြီး လက်တွေ့ ဘဝထဲ သို့ ယူဆောင်မသွားတတ်ကြပေ။ ထို့ကြောင့်လည်း အချိန် ကို တန်ဖိုးထားရကောင်းမှန်းမသိဖြစ်နေကြပြီး အောင်မြင် မှုများနှင့်လည်း ဝေးကွာနေကြရခြင်းဖြစ်သည်။

 

မြန်မာပြည်၌ ထင်ရှားကျော်ကြားလူသိများသည့် လူအားလုံးသည် အချိန်ကို စနစ်တကျ အသုံးပြုသူများ ဖြစ်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။ သူတို့၌ အချိန် ပိုဟူ၍ မရှိကြ။ လေလွင့်ချိန်ဟူသည်လည်းမရှိ။ အချိန် များကို ဇယားဆွဲ၍ အသုံးပြုတတ်ကြသူများ ဖြစ်ကြ သည်။ သူတို့၏ အနည်းငယ်မျှသော အားလပ်ချိန်များ သည် အကျိုးဖြစ်စေမည့် အပန်းဖြေနည်းတစ်ခုခုနှင့် စိတ် အပန်းဖြေတတ်ကြသူများဖြစ်ကြသည်။ လူ့ဘဝတိုလေး တွင် လုပ်ချင်တာလုပ်၍ နေရခြင်းသည် ဘဝ၏ ပျော်ရွှင် ဖွယ်ဟု အချိန်များကို လေးစားရမှန်းမသိသူအချို့ကဆိုတတ်ကြသေးသည်။ ထိုသူများသည် အနာဂတ် ပျောက်ဆုံးသူများသာဖြစ်ကြသည်။ လူအများ၏ အထင်ကြီး အားကျသည့် မျက်ဝန်းများကို ပိုင်ဆိုင်ခွင့်ရရန် စွန့်လွှတ် သင့်သည်များကို စွန့်လွှတ်တတ်ဖို့ အရေးကြီးလှပါသည်။ ထိုအထဲ၌ အချိန်များကို သုံးဖြုန်းခြင်းသည် အဓိက ပါဝင် သည်။
ထို့ကြောင့် အဘက်ဘက်မှ ဆိုးကျိုးများစွာဖြစ်စေ သည့် အချိန်ဖြုန်းတီးခြင်းအား ယနေ့မှစ၍ ရပ်တန့်နိုင်အောင် ကြိုးစားကြပါစို့ဟူ၍ တိုက်တွန်းလိုက်ရသည်။