အချိုးကျကိုယ်စားပြုစနစ် Proportional Representation System (PR) အကြောင်းသိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြဝတီရုပ်မြင်သံကြားဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation – PR)  ပြောင်းလဲကျင့်သုံးနိုင်ရေး  စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ဖြစ်ပါသည်။  အစီအစဉ်တွင် ပါဝင်ဆွေးနွေးရန်  ဖိတ်ကြားထားသူမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါသည်။

 

အစီအစဉ်တင်ဆက်သူအဖြစ်  ဦးကျော်ဆွေအောင်နှင့်  ဒေါ်ဖြိုးထက်ထက်အောင်တို့က ဆောင်ရွက်ထားပါသည်။

 

အစီအစဉ်တင်ဆက်သူ  ။ ။ကမ္ဘာ့နိုင်ငံအသီးသီးမှာ သမ္မတ ရွေးကောက်ပွဲတွေ၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက် ပွဲတွေ၊ မြူနီစီပယ်ရွေးကောက်ပွဲတွေ၊ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာရွေးကောက်ပွဲတွေကို ကျင်းပရာမှာ မိမိနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းအခြေအနေတို့အပေါ် မူတည်ပြီး ရွေးကောက်ပွဲစနစ်တွေကို ရွေးချယ်ကျင့်သုံးကြောင်း သိရှိရပါတယ်။

 

ရွေးကောက်ပွဲစနစ် တစ်မျိုးတည်း ကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်ကို ရွေးကောက်ပွဲ စနစ်တစ်မျိုးစီ ခွဲခြားကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်တည်းမှာ ကိုယ်စားလှယ်အရေအတွက်ခွဲခြားပြီး ရွေးကောက် ပွဲစနစ်နှစ်မျိုး ပေါင်းစပ်ကျင့်သုံးခြင်း၊ ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲစနစ်တွေကို ပြန်လည်သုံးသပ်ပြီး ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးခြင်း စတဲ့ မိမိနိုင်ငံအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ရွေးကောက်ပွဲစနစ်တွေကို ကျင့်သုံးဆောင်ရွက်လေ့ရှိကြောင်း လေ့လာတွေ့ရှိရတဲ့အတွက် ကမ္ဘာ့နိုင်ငံများမှာ ကျင့်သုံးတဲ့ရွေးကောက်ပွဲစနစ်များနဲ့ နိုင်ငံအရေအတွက် မည်မျှရှိကြောင်း ပထမဦးစွာ ရှင်းပြ ပေးပါခင်ဗျား။

 

ဦးခင်မောင်ဦး                         ရွေးကောက်ပွဲ စနစ်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ အဆိုအရ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ရွေးကောက်ပွဲစနစ် အုပ်စု ၄ စုရှိပါတယ်။ ဗဟုအများစုကိုယ်စားပြု စနစ်အုပ်စု Plurality / Majority System ၊ အချိုးကျ ကိုယ်စားပြုစနစ်အုပ်စု Proportional Represen-tation System ၊ ရောနှောထားသော အချိုးကျ ကိုယ်စားပြုစနစ် Mixed Member Proportional Representation နဲ့ အခြားစနစ်အုပ်စု Others System တို့ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။

 

ဗဟုအများစုကိုယ်စားပြုစနစ် အုပ်စုမှာ မဲအများဆုံးရသူအနိုင်ရစနစ် (First Past The Post –FPTP)၊ နှစ်ကျော့ပြန်စနစ် (Two Round System-TRS)၊ ကြိုက်နှစ်သက်မှုဦးစားပေးစနစ် (Alternative Vote – AV)၊ ကိုယ်စားလှယ်ဗဟိုပြုစနစ် (Block Vote – BV)၊ ပါတီဗဟိုပြုစနစ် (Party Block Vote – PBV) တို့ပါဝင်ကြောင်း သိရှိရပါတယ်။ အချိုးကျကိုယ်စားပြုစနစ်အုပ်စုမှာ စာရင်း အလိုက်အချိုးကျကိုယ်စားပြုစနစ် (List PR)နဲ့ လွှဲပြောင်း၍ရသော တစ်မဲတည်းမဲပေးစနစ် (Single Transferable Vote- STV) တို့ပါဝင်ကြောင်း သိရှိရပါတယ်။

 

ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ် အုပ်စုမှာ ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional Represen-tation – MMP)နဲ့ ပူးတွဲယှဉ်ပြိုင်စနစ် (Parallel System ) တို့ဖြစ်ကြောင်း သိရှိရပါတယ်။

 

အခြားစနစ်အုပ်စုမှာတော့ လွှဲပြောင်း၍မရသော တစ်မဲတည်းမဲပေးစနစ် (Single Non Transferable Vote – SNTV)၊ ကန့်သတ်မဲပေးစနစ် (Limited Vote – LV) နဲ့ ဦးစားပေးအချိုးကျစနစ် (Borda Count- BC) တို့ ပါဝင်ပြီး နိုင်ငံအနည်းငယ်မှာ ကျင့်သုံးကြောင်း သိရှိရပါတယ်။

 

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ဗဟုအများစု စနစ်ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၁၁၁ နိုင်ငံနှင့် အခြားစနစ်များကျင့်သုံးတဲ့ နိုင်ငံ ၈ နိုင်ငံရှိကြောင်း သိရှိရပါတယ်။

 

အစီအစဉ်တင်ဆက်သူ  ။ ။ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ရော ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လို ရွေးကောက်ပွဲစနစ် ကျင့်သုံးခဲ့သလဲ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ ဆရာ့အမြင်နဲ့ သုံးသပ်ပေးပါခင်ဗျား။

 

ဦးခင်မောင်ဦး                         ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ပါလီမန်ခေတ်ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မဲအများဆုံးရသူ အနိုင်ရတဲ့ စနစ် (First Past The Post-FPTP)စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ FPTP စနစ်ရဲ့ သဘောကတော့ မဲဆန္ဒနယ်တစ်ခုမှာ ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်တဲ့ စနစ်ဖြစ်တဲ့အတွက် အနိုင်မရတဲ့ ကိုယ်စားလှယ်လောင်းများရတဲ့ မဲတွေ အလဟဿ၊ အဟောသိကံဖြစ်ခြင်းနဲ့ ၎င်းတို့ကို ဆန္ဒမဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှု ပျောက်ဆုံးတဲ့သဘောကို တွေ့ရှိရပါတယ်။

 

ဒါ့အပြင် အနိုင်ရပါတီတစ်ခုရရှိသောမဲနဲ့ရရှိတဲ့ ကိုယ်စားလှယ်နေရာမှာ အချိုးအစားကွာဟမှု များစွာရှိနေတာကို တွေ့ရှိရပါတယ်။

 

FPTP စနစ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ပြည့် နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ ပေးတဲ့ မဲစုစုပေါင်းရဲ့ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရရှိတဲ့ ပါတီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၈ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ အလားတူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း မဲဆန္ဒရှင်တွေပေးတဲ့ မဲစုစုပေါင်းရဲ့ ၅၇ ဒသမ ၂ ရာခိုင်နှုန်းရရှိတဲ့ပါတီဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်း ရရှိခဲ့သည်ကို တွေ့ရှိရတဲ့အပြင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ ပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်မှာ နေရာရရှိခဲ့ပါတယ်။

 

လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်မှာ မဲဆန္ဒရှင် တွေပေးလိုက်တဲ့ မဲတွေဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အားလုံးထံသို့ ပျံ့နှံ့ရောက်ရှိသွားပေမယ့် မဲအများဆုံးရရှိတဲ့ ကိုယ်စား လှယ်လောင်းတစ်ဦးတည်းကသာ အနိုင်ရရှိခြင်းဖြစ်ပါတယ်။ အဆိုပါ ကိုယ်စားလှယ်လောင်းဟာ ၎င်းကို မဲမပေးခဲ့သူတွေ အပါအဝင်ဖြစ်တဲ့ မဲဆန္ဒရှင်အားလုံး ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသလိုဖြစ်ပြီး အခြားကိုယ်စားလှယ်များရရှိခဲ့တဲ့ မဲတွေက အလဟဿဖြစ်သွားတာ တွေ့ရပါတယ်။ ဒီစနစ်အရ ဆောင်ရွက်ရာမှာ အချို့မဲဆန္ဒနယ်တွေဆိုရင် ပါတီတစ်ခုမှ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆန္ဒရှင် အများစုရဲ့ ထောက်ခံမှုမရရှိခဲ့ပေမယ့် မဲအနည်းငယ်အသာဖြင့် အနိုင်ရရရှိသွားတဲ့သဘောကို တွေ့ရှိခဲ့ရပါတယ်။ ဥပမာအနေနဲ့ FPTP စနစ်ရဲ့ ဆန္ဒမဲရရှိမှု နမူနာပုံစံများကို ပြသလိုပါတယ်။

 

ဒီနမူနာတွေကို ကြည့်ခြင်းအားဖြင့် ၅၀ ရာခိုင် နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းအောက်သာရရှိတဲ့ ကိုယ်စား လှယ်လောင်းများက မဲဆန္ဒနယ်တစ်ခုလုံးရဲ့ ကိုယ်စား ပြုမှုရရှိတာဖြစ်လို့ အလဟဿ အဟောသိကံဖြစ် သွားတဲ့ ဆန္ဒမဲများစွာ ရှိနေတာတွေ့ရမှာ ဖြစ်ပါ တယ်။ Total အချုပ်ဇယားကို ကြည့်ရင်လည်း ဆန္ဒမဲအားလုံးရဲ့ ၅၇ ရာခိုင်နှုန်းကသာ တန်ဖိုးနဲ့ သက်ရောက်မှုရှိပြီး ကျန် ၄၃ ရာခိုင်နှုန်းတန်ဖိုးနဲ့ သက်ရောက်မှု လုံးဝမရှိတာကို တွေ့ရမှာဖြစ်ပါ တယ်။ ဒါကြောင့် FPTP စနစ်နဲ့ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ မှန်ကန်မျှတတဲ့ ကိုယ်စားပြုမှုကို ဖော်ဆောင် နိုင်ပါရဲ့လားလို့ မေးခွန်းထုတ်စရာ တွေ့ရှိရပါတယ်။

 

အစီအစဉ်တင်ဆက်သူ  ။ ။ FPTP စနစ်မှာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံဆန္ဒမဲတွေဟာ မျှတတဲ့ ကိုယ်စားပြုမှုမရနိုင်တာကို တွေ့ရတဲ့အတွက် ကမ္ဘာ့နိုင်ငံအများစုမှာ ကျင့်သုံးနေတဲ့ အချိုးကျကိုယ်စားပြုစနစ် အကြောင်းကိုလည်း မဲဆန္ဒရှင်များ သိရှိသွားအောင် ရှင်းပြပေး ပါခင်ဗျား။

 

ဦးခင်မောင်ဦး              အချိုးကျ ကိုယ်စားပြုစနစ် ဆိုတာ တစ်ဦးထက်ပိုတဲ့ ကိုယ်စားလှယ်တွေရွေးဖို့ အတွက် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်တယ်။ အဲဒီ မဲဆန္ဒနယ်ကနေ ရွေးကောက် တင်မြှောက်ရမယ့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီသို့မဟုတ် တစ်သီးပုဂ္ဂလများရရှိတဲ့ ဆန္ဒမဲအရေ အတွက်အပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စား လှယ်နေရာတွေကို အချိုးကျခွဲဝေ ရရှိနိုင်တဲ့ ရွေးကောက်ပွဲစနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်အရ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ရရှိတဲ့ ဆန္ဒမဲအပေါ်မူတည်ပြီး ရွေးကောက်တင်မြှောက် ခံရနိုင်ပါတယ်။

 

မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ပေးလိုက်တဲ့ မဲတွေဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ကြောင်း ယုံကြည်ပြီး စိတ်အားထက်သန်စွာ မဲပေး ခြင်းကြောင့် မဲပေးနှုန်း (Voter turnout) ကိုလည်း မြင့်မားစေပါတယ်။ PR စနစ်အသုံးပြုတဲ့အတွက် အဟောသိကံ၊ အလဟဿဖြစ်တဲ့ မဲအရေအတွက် နည်းပါးသွားမှာ ဖြစ်ပါတယ်။ PR စနစ်ကြောင့်ပါတီတွေ ပိုမိုတိကျစွာ ကိုယ်စားပြုနိုင်ခြင်း၊ တိုင်းရင်းသားပါတီများ၊ ပါတီငယ်များနဲ့ လူနည်းစုများ ပိုမိုရွေးကောက်ခံရနိုင်ခြင်းတို့ကြောင့် အများစုပါဝင်တဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဥပဒေပြု အဖွဲ့များမှာလည်း ပါတီများက ကိုယ်စားလှယ်များ ပိုမိုပါဝင်လာခွင့်ရရှိလာမှာဖြစ်တယ်။

 

အချိုးကျကိုယ်စားပြုစနစ်များစွာရှိတဲ့အနက် လေ့လာတွေ့ရှိချက်များအရ အဓိကပုံစံ ၂ မျိုးကို တွေ့ရှိရပါတယ်။ ပါတီအမည်ကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List PR System-LPR) နဲ့ လွှဲပြောင်း၍ရသော တစ်မဲတည်း ပေးစနစ် (Single Transferable Vote-STV)တို့ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)