နေ့စဉ် စားလိုက်တဲ့ အစားအသောက်တွေတိုင်းမှာ အရသာရှိအောင်ဆိုပြီး အချိုမှုန့်တွေ ထည့်စားမိနေသလား Hello ဆရာဝန်ပရိသတ်ကြီးရေ… ဒါဆိုရင်တော့ အချိုမှုန့်က ကျန်းမာရေး အတွက် ကောင်းသလား… ဆိုးသလား ဆိုတာကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့တော့ လိုနေပြီနော်။
ဘာလဲ… အချိုမှုန့် ဆိုတာ
အချိုမှုန့်ကို MSG (monosodium glutamate) လို့ခေါ်ကြတယ်။ ဟင်းလျာတွေထဲမှာ အရသာကောင်းအောင် ဆိုပြီး ထည့်သုံးတတ်ကြပါတယ်။ အချိုမှုန့် (MSG) ကို သဘာဝ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ amino acid glutamate ကနေ ထုတ်လုပ်ထားတာပါ။ ဒီဓာတ်ကို ခန္ဓာကိုယ်က သူ့အလိုလိုထုတ်လုပ်နိုင်ပါတယ်။ အာရှဟင်းလျာအများစုနဲ့ အသင့်စား၊ ပြုပြင်ထားတဲ့ အစားအစာတွေမှာ အများဆုံးတွေ့ရပါတယ်။ တစ်နေ့ တစ်နေ့ကို စားသုံးမိသမျှ တော်တော်များများက အချိုမှုန့်နဲ့ မကင်းပါဘူး။ အချိုမှုန့်ကို စားမိနေတာက ကိုယ်တွေ မြန်မာနိုင်ငံတစ်ခုတည်း မဟုတ်ပါဘူး။ အာရှဒေသတွင်း နိုင်ငံတွေကသူတွေရော ဥရောပနိုင်ငံသားတွေပါ စားသုံး မိနေကြတာပါ။
ဘာလေးချက်ချက်၊ ဘာလေးသုပ်သုပ် ထည့်တတ်တဲ့ အချိုမှုန့်နဲ့ ကျန်းမာရေး
Glutamic acid က ဦးနှောက်ထဲမှာ neurotransmitter အဖြစ် လုပ်ဆောင်ပေးတာပါ။ အချိုမှုန့်ကို အများကြီး စားမိတဲ့အခါ အာရုံကြောဆဲလ်တွေ သတင်းပို့ တုံ့ပြန်မှုက ဟန်ချက်ပျက်ပြီး အရမ်းမြန်နေတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က အချိုမှုန့်တွေကို အများကြီးစားမိတဲ့အခါ မွေးကင်းစကလေးတွေမှာ အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်ဆိုတဲ့အချက်ပါ။ အကြောင်းကတော့ အချိုမှုန့်ကို အလွန်အကျွံစားသုံး တာက ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်သလို သွေးပေါင်တက်စေနိုင်တယ်ဆိုတာပါ။ နည်းနည်းဆိုရင် ပြဿနာမရှိပေမယ့် အချိုမှုန့်တွေကို အများကြီးစားမိမယ်။ အရည်အသွေးညံ့တဲ့ အချိုမှုန့်တွေကို စားမိမယ် ဆိုရင်တော့ အာရုံကြောတွေကို ထိခိုက်စေတာ၊ သွေးတိုးတာတွေအပြင် ရေရှည်မှာလည်း ကျန်းမာရေးပြဿနာ တွေကို ခံစားရနိုင်သလို ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
အချိုမှုန့်ကို အလွန်အကျွံ စားမိတဲ့အခါ
အချိုမှုန့်က စွဲလမ်းစေတတ်တဲ့ သဘာဝရှိတာတော့အမှန်ပါ။ လျှာထဲမှာ အရသာကောင်းစေတယ် ဆိုတဲ့အချက် တစ်ခုနဲ့တင် လူတော်တော်များများက နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေကြသလို မပါရင် မဖြစ်သလိုကို ဖြစ်နေတဲ့သူတွေတောင် ရှိနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံ စားသုံးမိမယ်ဆိုရင်တော့
• ရေငတ်မယ်
• ခေါင်းကိုက်မယ်
• ပူစပ်ပူလောင်ဖြစ်မယ်
• ချွေးထွက်မယ်
• မျက်နှာအကြောတွေ တင်းတောင့်နေမယ်
• ဇက်ကြောတွေ တင်းတောင့်နေမယ်
• မျက်နှာနဲ့ ဇက်ကြောတွေ၊ ခြေလက်တွေ တင်းတောင့်မယ်
• အဆစ်တွေကိုက်မယ်
• ဗိုက်အောင့်မယ်
• ခြေလက်တွေ ကိုက်ခဲမယ်
• နှလုံးခုန်မြန်မယ်
• ရင်ဘတ်အောင့်မယ်
• မအီမသာဖြစ်မယ်
• ခြေလက်တွေ မသယ်ချင်ဖြစ်မယ်
• အိပ်ငိုက်မယ်
• အားမရှိသလို ခံစားရမယ် စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ဆရာဝန်ပြဖို့လိုမလား
ဒီလက္ခဏာတွေက အဖြစ်များတဲ့ လက္ခဏာတွေဖြစ်တာကြောင့် ရေများများသောက်ပေးမယ်။ ကိုယ်လက် လှုပ်ရှားမှု လုပ်ပေးမယ်။ သံပရာရည်သောက်မယ် စတာတွေ လုပ်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အကောင်းဆုံး ကတော့ တတ်နိုင်သမျှလျှော့စားတာပါပဲ။ ခဏခဏဆိုရင်တော့ ကြာလာရင် မကောင်းတာအမှန်ပါ။
ရေးသားသူ Aye Thi Mon ၊ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”