အနုပဝါဒေါ၊ အနုပဃာတော။
သူတစ်ပါးကို မကဲ့ရဲ့ အပြစ်မတင်ရာ၊ မသတ်ပုတ် မညှဉ်းဆဲ ရာ။ (ဓမ္မပဒ ဗုဒ္ဓဝဂ်)။
ပုထုဇဉ်လူသားတို့သဘာဝအမှားအယွင်းမကင်းကြ။ လူတို့၏ရင့်ကျက်မှုနှင့် ပညာပါရမီပေါ်မူတည်၍ အချို့က အပြစ်ကို အဖန်တလဲလဲပွားများရင်း အပြစ်နွံထဲက မလွတ်မကင်းနိုင်ဘဲ နောင်တတစ်ဖန် ပူပင်ခြင်းများဖြင့် အကျိုးမဲ့စွာနေ၏။ အချို့က မိမိအပြစ်မှ လွတ်ကင်းရေးကို အားထုတ်၏။ အချို့က အခြားသူ တစ်ပါးကို အပြစ်ရှာရင်း မိမိအတွက် အမြတ်ထုတ်ရန် ကြိုးစား၏။ အချို့က အမှားအယွင်းကို လက်ခံကာ မိမိ၏အပြစ်ကိုဝန်ခံ၏။ ထို့နောက် အမှားအယွင်း၏ ရင်းမြစ်ကိုသိအောင်ကြိုးစားကာ အမှားကို ပြင်ဆင်ရန် ကြိုးစား၏။
အပြစ်ရှာကဲ့ရဲ့ပြစ်တင်နေခြင်းက ပိုမိုကောင်းမွန်သည့် အနေအထားတစ်ခုဆီသို့ ဦးတည်သွားလိမ့်မည်မဟုတ်။ အထူးသဖြင့် ကြီးမားသော အခက်အခဲ အကျပ်အတည်းများနှင့်ရင်ဆိုင်ကြုံတွေ့ ရသည့်အခါ ပိုမို၍တည်ငြိမ်စွာ တွေးဆအဖြေရှာရန်လိုပါသည်။ အပြစ်တင်ခြင်းသက်သက်က အဖြေရှာဖွေခြင်းမဟုတ်။ အခက်အခဲ အကျပ်အတည်း တွင်းကလွန်မြောက်နိုင်သည့် အဖြေကိုရနိုင်ရေးမှာ အခြေအနေအရပ်ရပ်ကို ထောင့်ပေါင်းစုံက သိမြင်နှံ့စပ်ပြီးနောက် ချို့ယွင်းချက်များကို ပြုပြင်ရန်ကြိုးစားခြင်းဖြစ်ပါမည်။ အနေအထားတစ်ခုလုံးပေါ် ကိုယ်တိုင်လည်းစနစ်တကျ ဝေဖန်သုံးသပ်မှုများ ပြုလုပ်သလို အခြားသောသူတို့၏ စနစ်တကျ သုံးသပ်ဝေဖန်မှုများကို နားထောင်လက်ခံရ၏။
အပြစ်တင်ဝေဖန်ခြင်း သက်သက်သည်မူ လွယ်၏။ အခြားသူတစ်ပါးကို လက်ညှိုးထိုး ပြစ်တင်လိုက်ရုံသာ။ စနစ်တကျ ဝေဖန်ပြောဆိုရင်း မည်သို့အဖြေရှာနိုင်မလဲဆိုသည်ကသာ ပိုမိုတိုးမြင့်ကောင်းမွန်ရေးကို ရှေးရှုမည် ဖြစ်၏။
အပြစ်တင်ကဲ့ရဲ့ခြင်းသက်သက်ဖြင့် လှပငြိမ်းချမ်းသော လောကကို တည်ဆောက်နိုင်မည် မဟုတ်ပေ။ စနစ်တကျဝေဖန် ပြောဆိုသည် ဆိုရာတွင်လည်း အချို့သော အကြောင်းကိစ္စများသည် ဝေဖန်ပြောဆိုသူသည် ထိုအကြောင်းကိစ္စနှင့် ပတ်သက်၍ မည်ရွေ့မည်မျှ ပြောဆိုဝေဖန်နိုင်သည့် နေရာတွင်ရှိသလဲဆို သည်က အရေးပါပါ သည်။ နျူကလီးယား ရူပဗေဒညီမျှခြင်းတစ်ခုကို ဝေဖန်ပြောဆိုမည့်သူသည် သိပ္ပံစာအုပ် တစ်အုပ်နှစ်အုပ် ဖတ်ထားရုံမျှဖြင့် မလုံလောက်ဟူသည့် သဘောဖြစ်ပါသည်။ ဘာသာရေး၊ သိပ္ပံ၊ ဝိဇ္ဇာ၊ သမိုင်း၊ စာပေ၊ ပန်းချီ အနုပညာယဉ်ကျေးမှု နယ်ပယ်အသီးသီးတွင် မိမိ၏အကြိုက် မကြိုက်ကို ပြောဆိုနေခြင်းက အကြောင်းမဟုတ် သော်လည်း ဝေဖန်ပြစ်တင် မည်ဆိုလျှင်မူ ပြောဆိုဝေဖန်မည့်သူတွင် ထိုသို့ ပြောဆိုခွင့်ရှိ၏လောဟူသည်ကို ပြောလိုရင်းဖြစ်ပါသည်။ နိုင်ငံတကာနယ်ပယ်တွင် ထိုသို့ဝေဖန်ပြောဆိုမှုများတွင်မူယင်းကို ဝေဖန်ပြောဆိုနေသူ သည် မည်မျှ authoritative ဖြစ်သလဲဟု အမေးထုတ်ခြင်းရှိ၏။ ထိုသူ၏ဝေဖန်မှုကို မည်မျှလောက် ယုံကြည် လက်ခံရနိုင်မလဲဟု ချိန်ဆခြင်းဖြစ်ပါသည်။
ယင်းသို့ဖြင့် စနစ်ကျနသော ဝေဖန်သုံးသပ်မှုများကို အခြေခံကာ အားနည်းချက်၏ရင်းမြစ်ကိုသိပြီး စနစ်တကျ ခြုံငုံသုံးသပ် ဆန်းစစ်ပြီးမှ ပေါ်လစီ၏ အားသာချက်၊ အားနည်းချက်၊ မူဝါဒ၏ အားကောင်းချက်၊ ချို့ယွင်းချက် သို့မဟုတ် အကောင်အထည်ဖော်ဆောင်ရွက်နေသူတို့၏ အားသာချက်၊ ချို့ယွင်းချက်တို့ကို အဖြေရှာရင်း ပိုမိုတိုးတက်ကောင်းမွန်သည့် နည်းလမ်းကို ရှာဖွေကြ၏။
ဤသို့ဖြင့် အမှားကိုပြင်ရ၏။ အမှန်ကိုရှေးရှုကာ ပြင်ဆင်ရ မည်တို့ကို ပြင်ဆင်ရ၏။ ဆက်လက်လျှောက်လှမ်းရမည့် ခရီးကို ဆက်လက်ချီတက်ကြ၏။
ဤပုံဤနည်းဖြင့် စနစ်ကျနစွာဝေဖန်ခြင်း၊ သုံးသပ်ခြင်း၊ ပြန်လည်ဆန်းစစ်လေ့လာခြင်း၊ ပြုပြင်စရာရှိပါက ပြုပြင်ခြင်းတို့ ဖြင့်လူ့လောကလူ့သမိုင်းကအဆင့်ဆင့်တိုးတက်မြင့်မားလာခြင်း ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်း