နိုင်ငံတည်ငြိမ်အေးချမ်းဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ဆိုတာ အစိုးရတစ်ရပ်၊ ပြည်သူတစ်ရပ်၊ လူငယ်ထုတစ်ရပ်တည်းနဲ့ အောင်မြင်မှုမရနိုင်ပါဘူး။ အခက်အခဲမှန်သမျှကို အေးအတူပူအမျှလက်တွဲဆောင်ရွက်မှသာ အားလုံးမျှော်လင့်နေတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံကိုမြင်တွေ့ ရမှာပါ။ အဲဒီအတွက် အစိုးရသစ်နည်းတူ လူငယ်တွေလည်း တာဝန်ကျေဖို့လိုပါတယ်

ကိုဇော်မင်းချွန်း(ရန်ကင်းမြို့နယ်)

၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်၌ ဆက်လက်ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှ စတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဒဂုံ၊ လမ်းမတော်၊ ရန်ကင်း၊ တာမွေမြို့နယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက်များနှင့် တာဝန်ရှိသူများက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် ဆောင်ရွက်ထားရှိမှုများကို သတင်းအဖွဲ့က ကောက်နုတ်ဖော်ပြလိုက်ရပါသည်-

မောင်ဟိန်းထက်ဇော်(ဒဂုံမြို့နယ်)

ပထမဆုံးအကြိမ် စတင်မဲပေး ခွင့်ရတာပါ။ မဲပေးရတာ လွယ်ကူရိုးရှင်းပါတယ်။ နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုးအတွက် ပိုပြီးကောင်းမွန်တဲ့ အစိုးရသစ်တစ်ရပ်ကိုမျှော်လင့်ပြီး မဲပေးခဲ့တာပါ။ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတွေမှာ ဒီထက်ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်ကို ရွေးချယ်ခဲ့တာပါ။

မဇင်ဇင်ဖြိုး(ဒဂုံမြို့နယ်)

ပထမဆုံးအကြိမ် မဲပေးရတာ ဆိုတော့ နည်းနည်းရင်ခုန်တယ်၊ လူများပေမယ့် မြန်မြန်ဆန်ဆန် လွယ်ကူစွာနဲ့ ကိုယ်ရွေးချယ်ချင်တဲ့ လူကိုပေးခဲ့ပါတယ်။ အလုပ်အကိုင်နဲ့ စီးပွားရေးပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မဲ့သူ၊ နိုင်ငံ့အတွက် ကောင်းမွန်အောင် ဆောင် ရွက်နိုင်မယ်ထင်တဲ့ ကိုယ်ယုံကြည်တဲ့သူကို ရွေးချယ်ခဲ့ပါတယ်။

မမြတ်လင်းမွန်(ဒဂုံမြို့နယ်)

အခုရွေးကောက်ပွဲက ဒုတိယအကြိမ် မဲပေးခွင့်ရတာပါ။ ကိုဗစ်ကာလနဲ့ နိုင်ငံရေးအခက်အခဲတွေ ရှိခဲ့တယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍကို ပိုပြီးမျှော်လင့်တယ်။ ဒီထက်ပိုပြီး လျင်မြန်လွယ်ကူတဲ့ စနစ်တစ်ခုကိုရလာဖို့ မျှော်လင့်တာကြောင့် မဲလာပေးတာပါ။ ကိုယ်တိုင်ပါဝင်ပြီး ကိုယ်မျှော်လင့်တဲ့အစိုးရအသစ်ကို လိုချင်လို့ ရွေးချယ်တာပါ။

မချယ်ရီသိန်း (လမ်းမတော်မြို့နယ်)

ကျွန်မနေတာက တောင်ဒဂုံမှာပါ။ လမ်းမတော်မှာ သန်းခေါင်စာရင်းရှိတာကြောင့် လာရောက် မဲပေးတာပါ။ အခုရွေးကောက်ပွဲနဲ့ဆိုရင် နှစ်ကြိမ်မြောက် မဲပေးခွင့်ရတာပါ။ အရင်ပထမတစ်ကြိမ်မှာတော့ နယ်မှာမဲပေးခဲ့ရတယ်။ အခုက ရန်ကုန်မြို့မှာ လာရောက် မဲပေးရတာကြောင့် လုံခြုံရေးအရ တင်းကျပ်တာမျိုး ကြုံရမလားဆိုပြီး စိုးရိမ်မိခဲ့ပါတယ်။ မဲရုံတာဝန်ကျ ဝန်ထမ်းတွေကြောင့် အားလုံးအဆင်ပြေပါတယ်။ ဒီနိုင်ငံမှာ နေတဲ့အတွက် နိုင်ငံသားတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ လာရောက်မဲပေးတာပါ။ လုပ်နိုင်စွမ်းရှိမယ့်သူတွေ၊ ကိုယ်ယုံကြည်တဲ့ ကိုယ်စားလှယ်ကို ရွေးချယ် မဲပေးခဲ့တာပါ။ ကျွန်မတို့လူငယ်တွေအနေနဲ့ မျှော်လင့်တာကတော့ အဓိက ပညာရေးပိုင်းရယ်၊ ကျန်းမာရေးပိုင်းကို မျှော်လင့်တာပါ။ ဒါတွေကောင်းရင် ကျန်တာတွေအားလုံး ဆက်လက်ကောင်းမွန်လာမယ်လို့ ထင်ပါတယ်။

ကိုရဲလေး(လမ်းမတော်မြို့နယ်)

အခုမဲပေးပုံက အဆင်ပြေပါတယ်။ ကိုယ့်နိုင်ငံအတွက် ကောင်းမွန်အောင် ဆောင်ရွက်မယ့်သူ၊ စည်းစနစ်ကျစွာ ဆောင်ရွက်မယ့်သူ၊ ကြိုက်နှစ်သက်တဲ့ပါတီကို သေချာကြည့်ပြီး ရွေးချယ်မဲပေးတာပါ။ ထွက်ပေါ်လာမယ့် အစိုးရအသစ်က ကောင်းမွန်တဲ့ နိုင်ငံသစ်တစ်ခုကို သွားနိုင်အောင် ဆောင်ရွက်ပေးပါလို့ ဆန္ဒပြုချင်ပါတယ်။ ကြိုးစားပေးစေချင်ပါတယ်။

မနီလာ(ရန်ကင်းမြို့နယ်)

မဲပေးခဲ့တာ နှစ်ကြိမ်ရှိပါပြီ။ ကိုယ်နှစ်သက်တဲ့ပါတီကို မဲပေးခဲ့ပါတယ်။ မျှော်လင့်ချက်တော့ ထားပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းဟာ နိုင်ငံကို အကျိုးပြုနိုင်မယ်ထင်လို့ပါ။ အထူးသဖြင့် အစိုးရသစ်‌အနေနဲ့ ကျွန်မတို့အမျိုးသမီး လူငယ်ထုနဲ့ နိုင်ငံအကျိုးကို အကောင်းဆုံးပုံဖော် အကျိုးပြုနိုင်မယ်လို့ မျှော်လင့်တဲ့အတွက် အကောင်းဆုံးမဲတစ်ပြားကို ပေးခဲ့ပါတယ်။ အများကြီးမတောင်းဆိုပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် တစ်ဆင့်ချင်း မြှင့်တင်ဆောင်ရွက်ပေးသွားဖို့ပဲ မျှော်လင့်ထားပါ တယ်။ နိုင်ငံပြောင်းလဲတိုးတက်ဖို့ဆိုရင် ကျွန်မတို့လူငယ်တွေ ဝန်းရံဖို့လည်း အဆင်သင့်ရှိနေပါတယ်။

မခင်သဇင်ထက်(တာမွေမြို့နယ်)

တစ်ခါမှ မဲမပေးဖူးတော့ ပထမဆုံးအကြိမ် မဲပေးရတဲ့အတွက် စိတ်လှုပ်ရှားပျော်ရွှင်ပါတယ်။ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးနိုင်ခဲ့တဲ့အတွက် လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုပွင့်လန်းပြီး တိုင်းပြည် အေးချမ်းသာယာအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့နိုင်ငံကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်စေချင်ပါတယ်။ အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ အားသာချက် များစွာရှိနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို ငါ့နိုင်ငံအတွက် ပါလားဆိုတဲ့ မျိုးချစ်စိတ်တွေ ကိုယ်စီကိုယ်စီ ရင်ထဲကိန်းအောင်းပြီး အတ္တတွေ၊ အစွဲတွေကို ခဝါချပြီးတော့ တိုင်းပြည်နဲ့ လူမျိုးမျက်နှာ ကိုကြည့်မယ့် ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးခဲ့ပါတယ်။ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာရင် ကျွန်မတို့လူငယ်တွေအနေနဲ့ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ပါ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အေးချမ်းသာယာဖို့ ဆောင်ရွက်တဲ့အခါမှာ ပြည်သူအားလုံးမှာတာဝန် ရှိတယ်လို့လည်း ခံယူထားပါတယ်။

မနီနီအောင်(တာမွေမြို့နယ်)

ကျွန်မက ပြည်သူ့ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်မတို့ အားကိုးအားထားပြုနိုင်မယ့်ပါတီကို မဲပေးခဲ့တာပါ။ အလုပ်လုပ်ရာမှာ ကျား/မ မခွဲခြားဘဲ တန်းတူလုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးစေလိုပါတယ်။ ကုန်ဈေးနှုန်း တည်ငြိမ်စေချင်ပါ တယ်။ ပြီးတော့ ပြည်သူတွေ ဆေးကုသရာမှာ ဆေးပစ္စည်း လုံလောက်စွာ သုံးစွဲနိုင်အောင်၊ ဆေးဝယ်ယူပြီး ကုသရာမှာ ကုန်ကျစရိတ်ဘာမှမလိုတဲ့ ကုသမှုဖြစ်အောင် လွှတ်တော်ကိုယ်စား လှယ်လောင်းအနေနဲ့ ကြိုးစားဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တဲ့အတွက် အားကိုးရမယ့် ပါတီကိုယ်စားလှယ်လောင်းကို မဲပေးခဲ့ပါတယ်။

ကိုကြည်ထွန်း(တာမွေမြို့နယ်)

ကျွန်တော် မဲပေးဖြစ်တာက ဒုတိယအကြိမ်ရှိပါပြီ။ ဒီတစ်ကြိမ်ပေးရတာ ခလုတ်လေးပဲနှိပ်ရတဲ့ အတွက် ပိုပြီးအဆင်ပြေတယ်။ ကျွန်တော်တို့ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေပြီး အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်အောင် အစစအရာရာ ဆောင်ရွက်ပေးနိုင်မယ့်ပါတီကို မဲပေးခဲ့တာ ပါ။ ကျွန်တော်တို့ပြည်သူတွေ လမ်းပေါ်သွားလာနေတဲ့အတွက် လမ်းပိုင်းဆိုင်ရာ၊ ယာဉ်ထားသိုမှု၊ လမ်းပေါ်ဈေးဆိုင်တွေနဲ့ အမှိုက်စနစ်ကအစ သန့်ရှင်းပြီး ခေတ်မီတဲ့မြို့ပြ ဖြစ်စေချင်ပါတယ်။ ဆန်ဈေး၊ ဆီဈေး ကျဆင်းပြီး လုပ်ခလစာ ကောင်းမွန်တဲ့နှုန်းထား ရှိစေချင်ပါတယ်။ လွှတ်တော်ကနေ အစိုးရသစ်ပေါ်ထွန်းလာရင် လူငယ်တွေ အလုပ်အကိုင်အခွင့် အလမ်းပွင့်လန်းပြီး စီးပွားရေး ကောင်းမွန်စေလိုပါတယ်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တိုင်းပြည် အေးချမ်း သာယာဖို့အတွက် ပေါ်ထွန်းလာမယ့် အစိုးရသစ်ကပဲ လုပ်ဆောင်သွားရမှာပါ။

ကိုဇော်မင်းချွန်း (ရန်ကင်းမြို့နယ်)

ရပ်ကွက်၊ မြို့နဲ့ နိုင်ငံအတွက် အကောင်းဆုံး ဆောင်ရွက်ပေး နိုင်မယ်လို့ထင်တဲ့ပါတီကို မဲပေးခဲ့ ပါတယ်။ ကျွန်တော်တို့နိုင်ငံ အတွက်သာမက လူငယ်တွေလည်း အောင်မြင် တိုးတက်ချင်ကြတယ်။ တိုင်းပြည်အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာတာကို ကမ္ဘာကို ပြသချင်တဲ့အပြင် နိုင်ငံခြားက သူငယ်ချင်းတွေကိုလည်း ပြောပြချင်တယ်။ ကျွန်တော်တို့လူငယ် တွေအနေနဲ့ ပြည်တွင်းမှာ ငြိမ်းချမ်းမှုရှိမှ တိုင်းပြည်အေးချမ်းသာယာပြီး စီးပွားရေးတိုးတက်မယ် ဆိုတာ သိပါတယ်။ ဒါကြောင့် နိုင်ငံတည်ငြိမ်အေးချမ်းဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ဆိုတာ အစိုးရတစ်ရပ်၊ ပြည်သူတစ်ရပ်၊ လူငယ်ထုတစ်ရပ်တည်းနဲ့ အောင်မြင်မှုမရနိုင်ပါဘူး။ အခက်အခဲမှန်သမျှကို အေးအတူပူအမျှ လက်တွဲဆောင်ရွက်မှသာ အားလုံးမျှော်လင့်နေတဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ကို မြင်တွေ့ရမှာပါ။ အဲဒီအတွက် အစိုးရသစ်နည်းတူ လူငယ်တွေလည်း တာဝန်ကျေဖို့လိုပါတယ်။

ဦးစန်းမောင်(ရန်ကင်းမြို့နယ်)

မဲပေးလိုက်တဲ့ ကိုယ်စားလှယ်လောင်း တစ်နည်းအားဖြင့် ပါတီဟာ တိုင်းပြည်ကောင်းကျိုး၊ ပြည်သူကောင်းကျိုးကို ကိုယ်ကျိုးမကြည့် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ထားပြီး ယုံကြည်စွာ မဲပေးခဲ့ပါတယ်။ ပေါ်ထွန်းလာတဲ့ အစိုးရသစ်ဟာလည်း တို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းပြီး ပြုပြင်ပြောင်းလဲရေးကို ထင်သာမြင်သာနဲ့ အများပြည်သူလက်ခံ အားပေး အသိအမှတ်ပြုခံရတဲ့ အစိုးရသစ်တစ်ရပ် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

တွေ့ဆုံမေးမြန်း - ထိုက်သူ၊ ကျော်ကြီး

ဓာတ်ပုံ - ကနူး၊ ကျော်ကြီး