ကလျာမိုးမြင့် - ရေးသားသည်
အီသီယိုးပီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ မတော်တဆ ပျက်ကျမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ရပြီး နောက်မှာ ဘိုးအင်းလေကြောင်းကုမ္ပဏီဟာ ၎င်းရဲ့ရောင်း အားအကောင်းဆုံးဖြစ်တဲ့ ဘိုးအင်း ၇၃၇ လေယာဉ် တွေ ထုတ်လုပ်မှုကို ယာယီအားဖြင့် လျှော့ချဖို့ လုပ်နေတယ်လို့ သိရပါတယ်။
လျှော့ချဖို့ဆုံးဖြတ်
ထုတ်လုပ်မှုကို မူလက တစ်လမှာ ၅၂ စင်း ထုတ်လုပ်ခဲ့ရာကနေ အခုလလယ်လောက်ကစပြီး ၄၂ စင်းအထိသာ လျှော့ချထုတ်လုပ်သွားတော့မယ်လို့ ဘိုးအင်းကုမ္ပဏီက ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။ ဒီဆုံးဖြတ်ချက် ဟာဆိုရင် ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆဖြစ်ပွားမှု နှစ်ခုမှာ ပါဝင်နေတဲ့ ၇၃၇ မက်စ်လေယာဉ်တွေ ပေးပို့မှုရပ်ဆိုင်းသွားတဲ့အပေါ် တုံ့ပြန်တဲ့ဆုံးဖြတ် ချက်ဖြစ်ပါတယ်။ ကနဦးတွေ့ရှိချက်တွေအရ လေယာဉ်ရဲ့ anti- stall system ပိုင်းမှာ မှားယွင်းမှုတွေရှိနေတယ်လို့ ယူဆရတဲ့အတွက် လတ်တလောမှာ လေယာဉ်ကို ရပ်နားထား ပါတယ်။
အီသီယိုးပီးယား လေကြောင်းလိုင်းဖြစ်တဲ့ ဘိုးအင်း ၇၃၇ မက်စ်လေယာဉ်ဟာ မတ်လအတွင်းက အဒစ်အဘာဘာကနေ ပျံသန်းထွက်ခွာလာပြီး မိနစ်ပိုင်းလေးမှာတင် ပျက်ကျသွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်မှာ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၅၇ ဦးစလုံး သေဆုံးခဲ့ရပါတယ်။ အဲဒီလေယာဉ် အမျိုးအစားထဲကဖြစ်တဲ့ အင်ဒိုနီးရှားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းဟာဆိုရင်လည်း လွန်ခဲ့တဲ့ ငါးလအကြာလောက်က ဂျကာတာလေဆိပ်ကနေ ပျံသန်းထွက်ခွာလာပြီး ဘယ်လောက်မှမကြာ သေးခင်ပင်လယ်ထဲကို ပျက်ကျ ခဲ့တာမှာ လိုက်ပါ သူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။
လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာခဲ့
ဒီဖြစ်ရပ်နှစ်ခုလုံးမှာ ကနဦးတွေ့ရှိချက်တွေ အရ လေယာဉ်မှူးတွေဟာ လေယာဉ်ကို အကြိမ် ကြိမ် ခေါင်းစိုက်ထိုးဆင်းမှုဖြစ်စေတဲ့ MCAS လို့ခေါ်တဲ့ anti - stall system ကို ထိန်းချုပ်နိုင် ဖို့ အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အီသီယိုးပီးယား လေကြောင်း အာဏာပိုင်တွေက ဧပြီ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်စောင်မှာ ET 302 လေယာဉ်မှူးတွေဟာ လေယာဉ်ပျက်ကျမှု မဖြစ်ပွားခင်မှာ ဘိုးအင်းက ညွှန်ကြားထားတဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေအတိုင်း တစ်သဝေ မတိမ်းလိုက်နာ ဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။
အမှားအယွင်းရှိနေ
မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ Lion Air Flight 610 နဲ့ အီသီယိုးပီးယားလေကြောင်းလိုင်း ET 302လေယာဉ် မတော်တဆဖြစ်ပွားမှုတွေဟာ လေယာဉ်ရဲ့ MCAS လုပ်ဆောင်မှုအပိုင်းမှာ အမှားအယွင်း ရှိနေမှုနဲ့ ကွင်းဆက်အခြေအနေတွေ ကြောင့် ဖြစ်ပွားခဲ့ရတာဖြစ်ပြီး အဲဒီအခြေအနေကို ဖယ်ရှားပစ်နိုင်ဖို့ ၎င်းတို့မှာ တာဝန်ရှိတယ်လို့ ဘိုးအင်းကုမ္ပဏီစီအီးအို ဒန်းနစ်မြူလန်ဘာ့ဂ်က ပြောကြားခဲ့ပါတယ်။
ဘိုးအင်းရဲ့ စီအီးအိုက ပျက်ကျခဲ့တဲ့ အီသီယိုးပီးယား လေယာဉ်မှာလိုက်ပါလာတဲ့ လေယာဉ်မှူး နှစ်ယောက်အနက် ဒုတိယလေယာဉ်မှူးဟာ လေယာဉ်မောင်းအတွေ့အကြုံ နာရီ ၂၀ဝ ကျော် သာရှိခဲ့ပြီး လေယာဉ်မှူးတွေ လေ့ကျင့်ခဲ့မှုအပိုင်း ကောင်းမွန်တာ ရှိ မရှိဆိုတာတွေကိုလည်း ဆန်းစစ် ဖို့ လိုအပ်တယ်လို့ ဆိုထားတာ သိရပါတယ်။
သို့သော်လည်း ကနဦး စုံစမ်းမှုဖော်ပြချက်တွေ အရ လေယာဉ်မှူးတွေဟာ Software MCAS စနစ်ကို ကျော်လွန်နိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ အတိုင်း ထပ်ကာတလဲလဲ ကြိုးစားပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အတွက် လေယာဉ်ပျက်ကျ ရတယ်လို့ သိရပါတယ်။
ကာကွယ်တားဆီးနိုင်ခြင်းမရှိ
ပြီးတော့ ဘိုးအင်းက ထုတ်ပြန်ထားတဲ့ အရေး ပေါ်လုပ်ထုံးလုပ်နည်းတွေဟာ လေယာဉ်ပျက်ကျ မှု အန္တရာယ်ကနေ ကာကွယ်တားဆီးနိုင်ဖို့ လုံလောက်တဲ့အခြေအနေမရှိနိုင်ဘူးလို့ Wall Street Journal က အကြံပြုထားပါတယ်။ လတ် တလောမှာတော့ လေယာဉ်ပျက်ကျမှုဖြစ်ရပ်ဆိုး ကြောင့် ဘိုးအင်းကုမ္ပဏီအနေနဲ့ နာမည်ဂုဏ် သတင်းအရရော စီးပွားရေးအရပါ အကြီးအကျယ် ထိခိုက်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှား မှာရှိတဲ့ ဂါရူဒါးလေကြောင်းလိုင်းက ဘိုးအင်းကုမ္ပဏီထံမှ မှာယူထားတဲ့ ဒေါ်လာခြောက် ဘီလီယံတန်ဖိုးရှိ ၇၃၇ မက်စ်ဂျက်လေယာဉ် ၄၉ စင်း ဝယ်ယူမှုကိုလည်း ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ အင်ဒိုနီးရှားက လေယာဉ်အော်ဒါမှာယူမှုတွေကို ဒီလိုဖျက်သိမ်းမှုဟာ တခြားလေကြောင်းလိုင်းတွေဆီကလည်း အလားတူဖျက်သိမ်းမှုတွေကို ဖြစ်လာစေနိုင်တယ်လို့ လေကြောင်းသွားလာမှုဆိုင်ရာ ကျွမ်းကျင် သူပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။
အခက်အဲကြုံနေရ
မတ်လ ၁၀ ရက်မှာ အီသီယိုးပီးယားလေ ကြောင်းလိုင်း ET 302 ပျက်ကျခဲ့မှုကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လေကြောင်းလိုင်းအများအပြားက ဘိုးအင်း ၇၃၇ မက်စ်လေယာဉ် ပျံသန်းပြေးဆွဲမှု တွေကို ရပ်နားထား လိုက်ကြပါတယ်။အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ (FAA) ဟာဆိုရင် မက်စ်လေယာဉ်တွေ ပျံသန်းမှုရပ်ဆိုင်းဖို့ နောက်ဆုံးòန်ကြားခဲ့တဲ့ တရားဝင်ထိန်းသိမ်းရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တချို့က ဒီအဖွဲ့အစည်းဟာ ဘိုးအင်းကုမ္ပဏီနဲ့ အလွန်နီးကပ်တဲ့ ဆက်ဆံမှုရှိ တယ်လို့ စွပ်စွဲထားကြပါတယ်။
ကျန်ရစ်သူဆွေမျိုးများရဲ့ တုံ့ပြန်မှု
လေယာဉ်မတော်တဆပျက်ကျမှု ဖြစ်ရပ်နှစ်ခုလုံးမှာ အသက်ဆုံးရှုံးသွားရသူတွေအတွက် အလွန် စိတ်မကောင်းဖြစ်ရတယ်လို့ ဧပြီ ၄ ရက်မှာ ဘိုးအင်း ကုမ္ပဏီက တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် တောင်း ပန်မှုက ဘာလို့လေယာဉ်ကို မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေမရောက်အောင် ဘိုးအင်းက ဘာလို့ စောစော စီးစီး မလုပ်ဆောင်ခဲ့တာလဲဆိုပြီး မေးခွန်းထုတ်နေကြတဲ့ သေဆုံးသူရဲ့ဆွေမျိုးသားချင်းတွေကို ကျေနပ်နှစ်သိမ့် စေခဲ့တာတော့ မရှိခဲ့ပါဘူး။
လေယာဉ်မှူးအတွက် ဂုဏ်ယူ
လေယာဉ်မှူးရဲ့ဖခင် ဒေါက်တာဂက်တာချူ တက်ဆီမာက တောင်းပန်တာ အလွန်ကိုအချိန် နှောင်းသွားခဲ့ပြီလို့ ပြောပါတယ်။ သားဖြစ်သူ လေယာဉ်မှူး ယာရက်ဒ်ဂက်တာချူ ( ၂၉ နှစ်) ဟာ လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံးရချိန်မှာ လေယာဉ်မောင်းအတွေ့အကြုံ နာရီပေါင်း ၈၀ဝ၀ ကျော်လောက် ရှိနေခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော့်သားအတွက်ရော တခြားလေ ယာဉ်မှူးတွေအတွက်ပါ သိပ်ဂုဏ်ယူတယ်။ သူတို့ဟာ ကံမကောင်းအကြောင်းမလှလို့ ဒါကိုရပ်တန့် သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး မိနစ်အထိ တတ်စွမ်းသမျှ ကြိုးစားရုန်းကန်ခဲ့တယ်။ သူလေယာဉ်မှူးတစ်ယောက်ဖြစ်ခဲ့လို့ ကျွန်တော် နောင်တမရဘူး။ သူ့ရဲ့တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ရင်း အသက်ဆုံးရှုံးရတာမို့ ဒါကိုဂုဏ်ယူတယ်”လို့ ၎င်းက ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ဈေးကွက်ယှဉ်ပြိုင်မှုကြောင့်လား
ပြီးတော့ ဒေါက်တာချူတက်ဆီမာက ဘိုးအင်း ကုမ္ပဏီဟာ အင်ဒိုနီးရှားမှာ ပျက်ကျမှုဖြစ်ပြီးတဲ့ နောက် ဘာကြောင့်များ ဘိုးအင်း ၇၃၇ မက်စ် လေယာဉ်ပျံသန်းမှုကို မရပ်နားဘဲ ဆက်ပြီးပျံသန်း မှုတွေ လုပ်ခဲ့တာလဲ ဆိုပြီး အပြစ်ဆို မေးခွန်းထုတ်ခဲ့ပါတယ်။ ဆက်ပြီးပျံသန်းခွင့်ပြုခဲ့ရတဲ့အကြောင်းကတော့ အပြိုင်အဆိုင် ဈေးကွက်ကြောင့်ပဲ။ သူတို့က ဒီထက်ပိုပြီး ရောင်းချချင်တယ်။ လူ့အသက်တစ် ချောင်းဆိုတာဟာ လူမှုအဖွဲ့အစည်းတချို့အတွင်းမှာ ဘာမှမဟုတ်ဘူးဆိုတဲ့သဘော ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။
အီသီယိုးပီးယားလေယာဉ် ပျက်ကျမှုအတွင်း မှာ သေဆုံးသွားတဲ့ အသက် ၂၄နှစ်ရှိတဲ့ အမေရိကန် နိုင်ငံသား ဆမ်ယာစတူမိုရဲ့ ဆွေမျိုးသားချင်းတွေကတော့ ဘိုးအင်းကုမ္ပဏီကို ဧပြီ ၄ ရက်က ချီကာဂိုမှာ တရားစွဲဆိုမှု ပြုလုပ်ခဲ့ပါတယ်။ လတ်တလောမှာတော့ ဘိုးအင်းကုမ္ပဏီဟာ အခက်ခဲဆုံးအခြေအနေတစ်ခုကို ရင်ဆိုင် နေရတဲ့ အနေအထားလို့ဆိုရမှာ ဖြစ်ပါတယ်။ ဘိုးအင်း လေယာဉ်တွေပျံသန်းမှုကို ဘာကြောင့်စောစော မရပ်နားခဲ့သလဲဆိုတဲ့ မေးခွန်းတွေ အဆက်မပြတ် ပေါ်ထွက်နေပြီး ဘိုးအင်းမက်စ်လေယာဉ်တွေ ပေးပို့မှု ကိုလည်း ရပ်နားထားလိုက်ရပြီဖြစ်သလို ကုမ္ပဏီ ရဲ့ ရှယ်ယာတွေကလည်း ထိုးကျနေပြီဖြစ်တယ်လို့ သိရပါတယ်။ ။
ကိုးကား- အေအက်ဖ်ပီ၊ ဘီဘီစီ