မမလေး
အခန်း(၁)
“ဟာကွာ ဟေ့ကောင်ချလေကွာ၊ သေတော့မှာပဲ မြန်မြန်လာ”
ကျယ်လောင်သော အသံကြောင့် ဒေါ်အေးတင် လန့်နိုးသွားရသည်။
အချိန်ကား ညသန်းခေါင်ပင်နီးကပ်နေ၏။
“ဟင်း..” သက်ပြင်းချ၍ ပြန်အိပ်မည်ကြံသော်လည်း သားဖြစ်သူ၏ မိုဘိုင်းဂိမ်းဆော့သံသည် နားထဲအတိုင်းသားဝင်နေသည့်အတွက် အိပ်မပျော်ပေ။
“ဟာ... ဟေ့ကောင်တွေ မြန်မြန်လာ မြန်မြန်လာ အသုံးကိုမကျဘူး”
နားကြပ်တပ်ကာအော်နေသော ဖိုးသားသည် ဒေါ်အေးတင်အဖြစ်ကို သိပုံပင်မရ။ ဂိမ်း၌သာ အာရုံရောက်နေသည့် အတွက် အချိန်ကိုလည်း သတိထားမိဟန်မတူ။ ထိုသို့သောညများသည် ယခုမှ မဟုတ်ပေ။ ညစဉ်တိုင်းပင်။ ဖိုးသားတစ်ယောက် ညလုံးပေါက် ဂိမ်းဆော့သည်။ မနက်လင်းလျှင် မထနိုင်ပေ။ နေ့တစ်ဝက်ကုန်သည်ထိ အိပ်တတ်သည်။ ဂိမ်းကိုအသည်းအသန်စွဲလန်းသည်မှာ ပတ်ဝန်းကျင် အိပ်ချိန်မှန်းလည်းမသိ။ သူ့တစ်ကိုယ်တည်း နားကြပ်တပ်ကာတစ်ဖက်လူနှင့် အော်ဟစ်၍ပြောဆို နေတတ်သည်။
တစ်ခါတစ်ခါ ဆဲရေးတိုင်းထွာသံများ ထွက်လာသည်မှာ ဖိုးသားရုပ်ရည်လေးနှင့်ပင် မလိုက်ပေ။ ဆယ်တန်းကျ၍ ကျောင်းထွက်ကာ အလုပ်အကိုင်လည်း မည်မည်ရရမရှိ။ မိခင်မုဆိုးမကြီးကို နားပူနားဆာတိုက်၍ ရထားသောဖုန်း တစ်လုံးနှင့်သာ အချိန်ကုန်နေ၏။ ဒေါ်အေးတင်သည် နံနက်စောစော၌ ရွာစဉ်လှည့်ကာ ပဲပြုတ်ရောင်းကျွေးသည်။ ဖိုးသားအရွယ်ရောက်လျှင် အားကိုးရမည်ဟု ထင်မိသည်။ သို့သော် ပြန်မပြောနားမထောင်သည့် စရိုက်ကြောင့် သွန်သင်ဆုံးမရခက်၏။
“သားအိပ်တော့လေကွယ်၊ မဟုတ်ရင်လည်း ဂိမ်းသံလေးတိုးပါကွယ်”ဒေါ်အေးတင်ပြောမှ အနောက်သို့ ဖိုးသားထထွက် သွားလေသည်။
အခန်း(၂)
“ဒီပိုင်းက ပဲပြုတ်ပူပူလေး”
နံနက်စောစောတွင် ဒေါ်အေးတင်၏ ဈေးရောင်းသံမှာလွင်နေ၏။ ဆောင်းနံနက်ခင်းက ခိုက်ခိုက်တုန် ချမ်းအေးစေသော်လည်း သမုဒ္ဒရာဝမ်းတစ်ထွာ အပူကိုတော့ တိုးမပေါက်နိုင်ပေ။
“ပဲပြုတ်လာပါဦး”
ထိုသို့ ဈေးဝယ်ခေါ်သံကြားလျှင် ဒေါ်အေးတင် အလွန်ပျော်သည်။ ပဲပြုတ်အကုန်ရောင်းကုန်မှ ငွေလေးနှစ်ထောင်ကျော် အမြတ်ပေါ်သည်။ ဆန်ဝယ်ရ၊ ဆီဝယ်ရ မီးဖိုချောင်အတိုအစ ဝယ်လိုက်လျှင် ငွေနှစ်ထောင်ဆိုသည်မှာ ပျောက်ခြင်းမလှပေ။ တစ်ခါတလေ အရပ်ထဲ၌ သာရေးနာရေးကိစ္စလေးများ ပေါ်လာလျှင် အရင်းထဲကပါ ပါသွားတတ်သေးသည်။ ထို့ပြင် တစ်ရက်ခြားတစ်ခါ ဖုန်းဘေလ် တစ်ထောင် သားဖြစ်သူကို ပေးနေရသေးသည်။
ငွေတစ်ထောင်ဆိုသည်မှာ ဟင်းတစ်ခွက် ဖန်တီးနိုင်သည်။ သို့သော် သားဖြစ်သူက လိုဘမပြည့်လျှင် ငြူစူနေတတ်သည့် မျက်နှာထားကို ဒေါ်အေးတင် မကြည့်ရက်ပေ။ ပဲပြုတ်ရောင်းရသည့်ထဲမှ တစ်ရက် ငါးရာဖဲ့စု၍ ဘေလ်ဖိုးဆက်သ နေရသည့်ဖြစ်ခြင်း။
“မတင်လှ အီကြာကွေး ရှိသေးလား”
“ရှိသေးတယ်အစ်မရေ စျေးတွေကလည်း ရောင်းမကောင်းဘူး”
“ဟုတ်တယ် မတင်လှရေ ကျွန်မလည်း ပဲပြုတ်တွေ ရှိသေးတယ်”
“ဒါဆို ပဲပြုတ်နဲ့ အီကြာကွေး လဲကြတာပေါ့” မတင်လှစကားကြောင့် ဒေါ်အေးတင် ဝမ်းသာသွားရသည်။
ဖိုးသားက အီကြာကွေးအလွန်ကြိုက်သည်။ လက်ဖက်ရည်နှင့် တို့စားလျှင် နှစ်ချောင်းပင်ကုန်၏။ ဖိုးသားအတွက် အီကြာကွေးနှစ်ချောင်းနှင့် ပဲပြုတ်ငါးကျပ်သား လဲလှယ်ခဲ့သည်။ ဖိုးသားအိပ်ရာ နိုးနေမည်လားမသိ။ အိမ်မှာဘာမှမရှိလျှင် သားဗိုက်ဆာနေမည့်အရေး တွေးပူလျက် ရွာစဉ်လှည့်ရောင်းသော်လည်း အိမ်ပြန်ခြေလှမ်းများ သွက်ခဲ့သည်။
အခန်း (၃)
“ဒေါ်အေးတင်ရယ် ကိုယ့်အသက်အရွယ်နဲ့ စျေးမရောင်းပါနဲ့တော့လား၊ ရှင့်ကြည့်ရတာ တုန်တုန်ချည့်ချည့်နဲ့ သားလေးမွေးထားတာ ခိုင်းပေါ့တော်”
ပတ်ဝန်းကျင်၏ ကရုဏာဒေါသော စကားများက ဒေါ်အေးတင်နားထဲတွင် နားရည်ဝနေ၏။
“ဖိုးသားက ကလေးစိတ်ပဲရှိသေးတာ၊ သူသိတတ်လာတဲ့အရွယ် ကျုပ်ကို ပြန်ကြည့်မှာပါတော့၊ ကျုပ်သားက အလိမ္မာလေးပါ” မိခင်ဆိုတော့လည်း သားကို အများလက်ညှိုးထိုးရန်မဆိုလင့် စေ့စေ့ကြည့်ရုံပင် မခံနိုင်ပေ။
“အမေ...အမေ..” အိမ်ပေါ်သို့ ပြေးတက်လာပြီး ဖိုးသားက ဒေါ်အေးတင်အား တကြော်ကြော်အော်ခေါ်၏။
“ဘာလဲသားရယ် အမေညနေစာ ချက်နေတာလေ၊ ငါ့သားလေး ဘာစားချင် လို့လဲ၊ ဘေလ်ဖိုးယူမလို့လား”
ဒေါ်အေးတင်က သားအလိုကို ခန့်မှန်းပြောသည်။
“မဟုတ်ပါဘူး အမေရာ သားနာရီ လိုချင်တယ်၊ ကျော်မောင်လက်မှာ ပတ်ထားတာ အတော်မိုက်တယ်၊ သားလိုချင်တယ်၊ ဝယ်ပေးနော်အမေ”
မိခင်၏လက်ကိုကိုင်၍ အားကိုးတကြီး တောင်းဆိုနေသော သားဆန္ဒကို မငြင်းဆိုရက်ပေ။
“အေးပါသားရယ် အမေဝယ်ပေးပါ့မယ်၊ ဒါနဲ့ ဘယ်လောက်တုန်း” မေးသာ မေးရသည် ရင်ထဲတထိတ်ထိတ်နှင့်။
“မများပါဘူးအမေရ နှစ်သောင်းခွဲတည်း၊ အမေ ဒီနေ့ဝယ်ပေးမှာလား”
“နေပါဦးသားရယ် အမေပိုက်ဆံစု လိုက်ပါဦးမယ်”
“အမေကလည်းဗျာ မကြာစေနဲ့နော်၊
သားလိုချင်နေပြီ”
“အေးပါသားရယ်၊ သုံးရက်အတွင်း ဝတ်ရပါစေမယ်ကွယ်” လိုဘပြည့်၍ ကြည်စင်သွားသော သားမျက်နှာလေးကို ချစ်မဝဖြစ်ရပေသည်။ သားတို့ရုပ်ရည် သီတာရေစင်ဆိုသည်မှာ အမှန်ပေ။ သားလိုချင်သည့် နာရီလေးကို သုံးရက်အတွင်း ဝယ်ပေးနိုင်ခဲ့သည်။ အမေ ဘယ်က ပိုက်ဆံရပြီး ဘယ်လိုရှာပေးသည် ကို ဖိုးသားတစ်ခွန်းမျှ မေးဖော်ပင်မရ။
အခန်း (၄)
“သား...သား...သား” အိပ်မောကျနေစဉ် အမေလှုပ်နှိုးသဖြင့် နိုးလာ၏။
“ဘာလဲအမေရာ သားအိပ်နေတာကို”
ဖိုးသားအသံက အိပ်မှုန်စုံမွှားဖြင့်။
“အမေ ခေါင်းတွေအရမ်းမူးနေလို့ သားရယ်၊ စျေးရောင်းမထွက်နိုင်ဘူး။ ပဲတွေကပြုတ်ထားတော့ နှမြောစရာသားရယ်၊ အမေ့ကို ရောင်းပေးပါလားကွယ်” ဒေါ်အေးတင်က လေသံဖျော့ဖျော့လေးဖြင့် ပြောသည်။ ဖိုးသားလက်အစုံဖြင့် ခေါင်းကိုကုတ်၍ ကျွတ်စုတ်လိုက်သည်။
“အမေရာ ရူးများနေလား၊ သားက စျေးရောင်းစရာလား၊ အမေ မရောင်းနိုင် ရင် မရောင်းနဲ့ ထားထားလိုက်၊ အိပ်ချင်ရတဲ့အထဲ အမေကလည်း လာရှုပ်နေတယ်”
ဖိုးသားစကားကြောင့် ဒေါ်အေးတင် ရင်ထဲ ဖော်မပြတတ်အောင် ကျဉ်တက်သွားသည်။
“အေးပါသားရယ် အေးပါ” မျက်ရည် မကျမိအောင်ထိန်း၍ ပဲတောင်းကို အားစိုက်မကာ တစ်လှမ်းချင်းလျှောက်ခဲ့သည်။
“အမေမရူးပါဘူးသားရယ် သားကို အားကိုးချင်မိတာပါ၊ အမေ မရူးပါဘူးကွယ်” ရင်ထဲတွင်ကျင်လျက် သိမ့်သိမ့်ရှိုက် ၍ အကြိမ်ကြိမ်ရေရွတ် ပြောနေသော်လည်း နှုတ်ကတစ်ခွန်းမျှထွက်မလာ။
ခေါင်းထဲ ရီဝေဝေဖြစ်နေသည်က တစ်ကြောင်း၊ ပဲတောင်း၏အပူငွေ့က ငယ်ထိပ် လာရိုက်ခတ်သည့်အတွက် အမြင်များ ဝေဝါးလာသည်။ မာန်တင်း၍ အံခဲကာ ခြေလှမ်းများကြိုးစားလှမ်း၍ တရွေ့ရွေ့လျှောက်လာစဉ် မျက်နှာတည့်တည့်သို့ အလင်းတန်းကြီးစူးဝင်လာသည်။ အရှိန်ဖြင့် မိမိရှေ့တည့်တည့်သို့ ဝင်လာသော ဆိုင်ကယ်ကို ရှောင်တိမ်းနိုင် စွမ်းမရှိတော့။ တစ်စုံတစ်ခုနှင့် ပွတ်တိုက် မိခြင်းနှင့်အတူ ပဲတောင်းလေး မြေပေါ်သို့ လွှင့်စင်သွားသည်။
အခန်း (၅)
“ဖိုးသား...ဖိုးသား”
“အိမ်ရှေ့တွင် တကြော်ကြော် အော်ခေါ်သံကြောင့် ဖိုးသားစိတ်ညစ်မိသည်။ အိပ်နေလျှင် ထိုသို့အနှောင့်အယှက်ပေးသည်ကို အလွန်မုန်း၏။ အိမ်ရှေ့တံခါးထ ဖွင့်ပေး၍
“ဘာလဲဗျ ဘာကိစ္စရှိလို့လဲ”
“ဘာကိစ္စရှိရမလဲ၊ မင်းအမေ ဆိုင်ကယ်တိုက်လို့ ဆေးရုံကားနဲ့ခေါ်သွားပြီ၊ ဘာဖြစ်သွားလဲ ငါတို့လည်း အတိ အကျမသိဘူး။ လိုအပ်တာတွေယူပြီး မင်းဆေးရုံကို မြန်မြန်လိုက်သွား”
ဦးလုစကားကြောင့် ဖိုးသား ဆောက် တည်ရာမရ သွက်ချာလည်သွားသည်။
“ဘုရား ဘုရား အမေဘာမှမဖြစ်ပါစေနဲ့”
ရင်ထဲတွင် အကြိမ်ကြိမ်ဆုတောင်းလျက် လိုအပ်သည်များယူရန် အိတ် ဆွဲလိုက်သည်။ ဘာတွေလိုအပ်သည် ဘာတွေမလိုအပ်သည်ကို ဖိုးသားသေချာမသိ။ အမေ့အတွက်စိုးရိမ်စိတ်များဖြင့် အိမ်ထဲတွင် တစ်ယောက်တည်းဗျာပါများနေ၏။
“အဝတ်ထည့်ရမှာပေါ့၊ အမေ့အတွက် အဝတ်အစားတွေလိုမှာပဲ” နှုတ်မှရေရွတ်လျက် အမေ့အဝတ်များထည့်သည့် ထန်းခေါက်ဖာလေးဖွင့်လိုက်လျှင် အမေ့အဝတ်အစားအနွမ်းလေး လေးငါးစုံနှင့် အဖြူရောင်စာရွက်လေးများသာ တွေ့ရသည်။ စာရွက်များကို ဖြန့်ကြည့်လိုက်လျှင်
“ဟာ” ပင့်သက်ရှိုက်ခြင်းနှင့် လက်သည် ပေါ့ပါးသော စာရွက်တစ်ရွက်ကိုပင်မနိုင်လောက်အောင် တုန်ယင်လာသည်။ လုံချည်ပေါင်ထားသည့် ပြေစာဘောင်ချာများက “မင်းနာရီပတ်ထားရတာ အဆင် ပြေသလား”လို့ ဝိုင်းမေးနေကြပြီ။ အမေ.. အမေရယ်.........။
အခန်း(၆)
ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေ သောအမေ့အား သူတွေ့လိုက်သည်။
“အမေ....အမေ”တိုးညင်းစွာခေါ်၍ အမေ့ လက်တစ်စုံကို ယုယစွာဆုပ်ကိုင်လိုက်သော် နွေးနေ၏။ ကြည့်စမ်းပါဦး အမေ လက်တွေဟာ အရိုးပေါ်အရေတင်လို့ အရေပြားတွေ တွန့်ခေါက်မွဲခြောက်နေလေပြီ။ နဖူးမှာယှက်ဖြာပြေးနေတဲ့ အရေးအကြောင်းတွေ၊ တွဲအစ်ကျနေတဲ့ အမေ့မျက်ခွံတွေအောက်မှာ မျက်ဝန်းတစ်စုံက ချိုင့်ဝင်နေသည်။
သူငယ်စဉ်က နှစ်ခြိုက်စွာနမ်းခဲ့သည့် အမေ့ပါးပြင်တွေဟာ ပါးချောင်ထဲသို့ ချိုင့်ဝင်နေလေပြီ။ ဆယ်စုနှစ်နီးပါး ပဲတောင်းခေါင်းရွက်ထားလို့ အမေ့ငယ်ထိပ်မှာ အဖြူရောင်ဆံပင်တွေဟာ ကျိုးတို့ကျဲတဲ။ တဖြည်းဖြည်းပြောင်း လဲလာသည့် အမေ့အသွင်ကို သူဘာလို့ အခုမှမြင်လာရတာလဲ။ ယခင်အချိန်တွေက အမြင်အာရုံတွေ အားကောင်းပါလျက် အမေ့ကိုကြည့်ဖို့ ဘာကြောင့်သူမေ့နေ ခဲ့ပါလိမ့်။ ရုန်းကန်လာခဲ့သည့် ဘဝ တစ်လျှောက်တွင် အမေမည်မျှထိ ပင်ပန်းခဲ့မည်နည်း။
“အမေပင်ပန်းလိုက်တာ”ဟု ညည်းညူသံ တစ်ချက်မကြားရ။ အချိန်တန်ထမင်းကို အဆင်သင့်လက်ဆေးစားခဲ့သည်။ အမေစားပြီးပြီလား တစ်ခွန်းမမေးခဲ့။ ငွေလိုလျှင် လက်ဖြန့်တောင်းသည်။ အမေစျေးရောင်းကောင်းရဲ့လား။ အမေ အဆင်ပြေရဲ့လား။ တစ်ခွန်းမမေးခဲ့။ “သားတောင်းပန်ပါတယ် အမေရယ် မြန်မြန်သတိရပါတော့”၊ အမေ့လက်ကို ဆုပ်ကိုင်ပြီး ငိုချမိသည်။ “ဆုံးရှုံးရတော့မှာ လား” ဟူသောမေးခွန်းများက သူ့ကို အကြိမ်ကြိမ်ခံစားရစေသည်။ အမေ သား ခေါ်နေတယ်လေ။ မြန်မြန်ပြန်ထူး ပါဦး။
အမေက သားမျက်နှာအညှိုးခံတာ မဟုတ်ဘူး။ အခုသားငိုနေပြီလေ အမေမြန်မြန်ချော့ပါတော့။သားရင်ဘတ်ထဲကနာတယ်အမေရယ်။ တကယ်ဆို အမေ့ပဲတောင်းကို သားပခုံးပြောင်းထမ်းခဲ့ သင့်တာ။ အမေနိုးလာရင်လေ အမေ့ ခေါင်းပေါ် ပဲတောင်းမရောက်စေရတော့ ဘူးလို့ သား ကတိပေးပါတယ်။ အမေ....အမေ... အမေ.... အမေနှုတ်ကဖွင့်အံ ထွက်မလာသောစကားများကို အမေ့ နှလုံးသားထဲ ကြားပါစေ။
ဆုပ်ကိုင်ထားသော အမေ့လက် နွေးနွေးလေးကို ပါးမှာအပ်ကာ ငိုချမိ သည်။“ဟင်” အားနွဲ့နေသော အမေ့လက် ချောင်းလေးများက သူ့ပါးပြင်မှ မျက်ရည်များကို ဖယ်ရှားနေသည်။
“အမေ အမေသတိရလာပြီလား၊ သားတောင်းပန်ပါတယ်၊ အမေကျန်းမာ အောင်နေပေးနော်၊ သားကို တစ်လှည့် လုပ်ကျွေးခွင့်ပြုဦးနော် အမေ”
ဖိုးသား၏ တရစပ်စကားများကို ပြုံး၍နားထောင်လျက်ပင် ဖိုးသား၏ ပါးပြင်မှမျက်ရည်များကို သုတ်ပေးနေ သော ဒေါ်အေးတင်၏လက်များ အရုပ်ကြိုးပြတ်ပစ်ကျသွားသည်။
မျက်ရည်ဥ များခိုတွဲနေသော မျက်ဝန်းတစ်စုံသည် ဖိုးသားထံမှ အကြည့်မခွာ။
“အမေ.. အမေ...” ဖိုးသား၏ အော်ခေါ်သံများသည် ဆေးရုံတစ်ရုံလုံး ညံစီသွားသော်လည်း အချိန်အခါမဟုတ် လေပြင်းနှင့်အတူ တိုက်ခတ်လာသော မိုးသံက ဖုံးလွှမ်းသွားလေသည်။ ။