ဟင်္သာတ ၂၈ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ပညာ့ဥယျာဉ်စာကြည့်တိုက်တွင် အခမဲ့ဖွင့်လှစ်သင်ကြားသည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်တန်းကာလ ပြီးဆုံးအောင်တက်ရောက်သင်ကြားသည့် သင်တန်းသား၊ သင်တန်းသူ (၂၃)ဦးအား စာကြည့်တိုက် နာယကဦးဟံကြည်၊ ဥက္ကဌ ဦးမြမင်းဦး၊ နည်းပြဆရာများနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြသည်။
ပညာ့ဥယျာဉ်စာကြည့်တိုက်ကကြီးမှူးပြီး ကွန်ပျုတာနှင့်ပတ်သက်သည့် ကွန်ပျူတာ မိတ်ဆက် Hardware ၊ Software၊ Paint၊ Myanmar typing၊ English Typing၊ Microsoft Word 2010၊ Microsoft Excel 2010၊ Microsoft PowerPoint 2010 တို့ကို ဒုတိယအကြိမ်မြောက် ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီး လူငယ်များသည် ပြောင်းလဲတိုးတက်လာသောခေတ်စနစ်နဲ့အညီ အိုင်စီတီနည်းပညာများကို လက်လှမ်းမီသလောက် သင်ယူတတ်မြောက်စေရန်အတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း စာကြည့်တိုက်အတွင်းရေးမှူး ဦးဇင်ကိုဦးထံမှ သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


