ကိုလင်း

အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးကို 7th Sense Production က စတင်ရိုက်ကူးနေပြီဖြစ်ကာ ယင်းဇာတ်ကားကြီးတွင် အကယ်ဒမီ နေတိုး၊ ရဲအောင်၊ တိုင်ရွန်၊ သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနှင့် ခင်သဇင်တို့က အဓိကသရုပ်ဆောငများအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးနေကြောင်း သိရသည်။

သရုပ်ဆောင်သစ်တစ်ဦးဖြစ်သည့် နေခြည်ဦးသည် ထိုဇာတ်ကားတွင် အနုပညာလောက၏ ထိပ်တန်းမင်းသားတစ်ဦးဖြစ်သည့် နေတိုးနှင့် ပထမဆုံး တွဲဖက်ရိုက်ကူးရခြင်းဖြစ်ရာ ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ “ကိုနေတိုးနဲ့ တွေ့ဆုံသရုပ်ဆောင်ရဖို့က အခုချိန်မှာ ရှိန်နေရတုန်းပါပဲ၊ ဇာတ်လမ်းထဲမှာ ကိုနေတိုးက ကိုယ့်ကိုသိပ်ချစ်ပြရတဲ့ ဇာတ်လမ်းဆိုတော့ ပိုဆိုးတာပေါ့နော်။ ကာရိုက်တာတွေများ လွတ်ကုန်မလားဆိုပြီးတော့ ရင်တွေတုန်တာပေါ့၊ အပြင်မှာဆုံတာ သုံးခေါက်၊ လေးခေါက်လောက်ရှိပြီ၊ စကားမပြောရဲဘူး၊ စကားမှားမှာစိုးလို့ပါ၊ ကိုနေတိုးက အနုပညာလောကထဲမှာ Role  တစ်ခုအနေနဲ့ နေတယ်၊ အမြဲတမ်း ယုံကြည်ချက်အပြည့်နဲ့ မင်းသားတစ်ယောက် ဖြစ်တဲ့အတွက် သရုပ်ဆောင်ရတဲ့အခါ ငါများမှားသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးကတော့ အမြဲဝင်နေပါတယ်။ စမရိုက်သေးတာလည်း ပါမှာပေါ့နော်။ စရိုက်ရင်တော့ ကိုယ်လည်း Mood ဝင်သွားမယ်။ သူလည်း အများကြီးသင်ပေးမယ်လို့ ရည်မှန်းထားပါတယ်၊ နေခြည်ကြားဖူးတာက ကိုနေတိုးဟာ ရိုက်ကွင်းပေါ်ရောက်ပြီဆိုတာနဲ့ Mood အပြည့်ဖြစ်သွားတယ်လို့ကြားတယ်၊ ကိုယ်ကတော့ အများကြီး ကြိုးစားရမှာပေါ့နော်၊ သူက Mood တွေဝင်ပြီး ကိုယ်ကနေခြည်ဦးဖြစ်နေလို့လည်း မရဘူး” ဟု ပြောသည်။

နေခြည်ဦးသည် ဒါရိုက်တာမီးပွား ရိုက်ကူးပြီး နေမင်းနှင့် ဝတ်မှုန်ရွှေရည်တို့ပါဝင်သည့် ရန်သူ ရုပ်ရှင်တွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ရာ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက် အနေဖြင့် ထိုဇာတ်ကားတွင် ဝတ်မှုန်ရွှေရည်နှင့်အပြိုင် သရုပ်ဆောင်နိုင်ခဲ့သဖြင့် ပရိသတ်၏ သတိပြုအားပေးမှုကို ရရှိခဲ့သည်။

မြန်မာ့အလင်း