ရန်ကုန် ၂၄ ဒီဇင်ဘာ
အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကုန်သည်/စက်မှုအသင်းချုပ် တွဲဖက်စာရင်းစစ် ဒေါက်တာတင်လတ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းလတ်က ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေအမှတ် ၂၀ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သော အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
“ဒီအခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေက နိုင်ငံတကာက အလေ့အကျင့်ကောင်းတွေကိုယူပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကိုလည်း ယူပြီးရေးဆွဲထားတာ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံတော်အနေနဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ချီတက်နေတဲ့ အနေအထားရှိပါတယ်။ ကျွန်တော်တို့ဆောင်ရွက်နေတဲ့ ဥပဒေတွေမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ ပြည်သူတစ်ဦးချင်းရဲ့ အခွင့်အရေးတွေရှိသလို၊ အခွန်ထမ်းတွေရဲ့ အခွင့်အရေးတွေ ရှိပါတယ်။ ဒီဥပဒေမှာ အဲဒါတွေကို ထဲထဲဝင်ဝင် ဖော်ထုတ်ပေးထားတာရှိတယ်။ ပြီးရင် အခွန်ထမ်းတွေရဲ့ အခွင့်အရေးတွေ ရပိုင်ခွင့်တွေကို ဖော်ထုတ်တာတွေ တင်မကဘူး၊ သူတို့ ထမ်းဆောင်ရမယ့် တာဝန်တွေကိုလည်း ဖော်ထုတ်ပေးထားပါတယ်” ဟု အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေအကြောင်းကို ရှင်းပြသည်။
ယနေ့ ကျင်းပသောဆွေးနွေးတွင် မြန်မာနိုင်ငံ၏ အခွန်စနစ် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များအကြောင်း၊ အခွန်နှင့် ပတ်သက်၍ လက်ရှိကြုံတွေ့နေရသော အခက်အခဲများ၊ အခွန်ကောက်ခံရေး မဏ္ဍိုင်များအကြောင်း၊ အခွန်နှင့်ပတ်သက်၍ မျှတမှုရှိအောင် ဆောင်ရွက်ရန် လိုအပ်ခြင်းအကြောင်း၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ၏ နောက်ခံသမိုင်း၊ ဥပဒေရေးဆွဲရသည့် အကြောင်းအရင်း၊ ဥပဒေ၏ အဓိကအချက်များ၊ မြန်မာနိုင်ငံ အခွန်ဥပဒေများ၏ ဖွဲ့စည်းမှုနှင့် အလုပ်လုပ်ပုံနှင့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေပါ အခန်းများအကြောင်းကို တစ်ခန်းချင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဉီးစီးဌာနနှင့် ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


