သတင်းဆောင်းပါး - စောနိုင်(အသုံးချဘောဂဗေဒ)
ယနေ့အချိန်ကာလတွင် အခွန်ဆိုသည့်အရာသည် လူတိုင်းနှင့် ခပ်စိမ်းစိမ်း အခြေအနေမျိုးတော့ မဟုတ်တော့။ မြန်မာ့စီးပွားရေး အဆောက်အဦထဲ၌ အခွန်ဆိုသည်ကို ကျောင်းသား လူငယ်လေးများပင် သိနေကြပြီ။ တက္ကသိုလ်ဝင်တန်း (၁၀ တန်း)တွင် ဘောဂဗေဒဘာသာယူသည့် ကျောင်းသားလေး များဆိုလျှင် ဘောဂဗေဒအောင်မှတ်ရဖို့၊ ဂုဏ်ထူးရဖို့ ကျက်ရင်း၊ မှတ်ရင်း အခွန်နှင့်ပတ်သက်သည့် အခြေခံအကြောင်းများ အလွတ်ပင်ရနေလောက်ပြီ ဖြစ်သည်။ လက်တွေ့လောက၌ အခွန်သည် နိုင်ငံတစ်နိုင်ငံ၊ စီးပွားရေး အဆောက်အအုံတစ်ခုအတွက် အလွန်ပင်အရေးကြီးသော ပြည်သူ့ဘဏ္ဍာရေး၏ အစိတ်အပိုင်းကြီးတစ်ရပ် ဖြစ်၏။ နိုင်ငံအတွက် လိုအပ်သောအသုံး စရိတ်များအတွက် မှီခိုနေရသောကြောင့် အခွန်ကဏ္ဍသာ အားနည်းခဲ့ပါ လျှင်ထိုနိုင်ငံ လူ့အဖွဲ့အစည်းအဖို့ အခက်အခဲများစွာ ရင်ဆိုင်ရလိမ့်မည်မှာ မလွဲသေချာသည်။
အစိုးရ၏ရငွေ(သို့မဟုတ်) ပြည်သူ့ရငွေ
နိုင်ငံတစ်နိုင်ငံကို တာဝန်ယူအုပ်ချုပ်သည့် အစိုးရတစ်ရပ်သည် ၎င်းတို့လုပ်ဆောင်ရမည့် ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်မှုများ အတွက် ငွေကြေးလိုအပ်သည်။ ထိုငွေကြေးသည် အစိုးရ၏အသုံးစရိတ်(သို့မဟုတ်) ပြည်သူ့အသုံးစရိတ် ဖြစ်သည်။ ပြည်သူ့အသုံးစရိတ်အတွက် လိုအပ်သည့်ငွေကြေး ရရှိရန်အတွက် အားထုတ်ဆောင်ရွက်ကြရသည်။ ရရှိလာသောငွေကြေးသည် အစိုးရ၏ရငွေ(သို့မဟုတ်) ပြည်သူ့ရငွေပင်ဖြစ်သည်။ အစိုးရတစ်ရပ်အတွက် ရငွေများ ရရှိနိုင်သည့် ဇာစ်မြစ်များစွာရှိသည်။ အစိုးရပိုင်ပစ္စည်းများကို ငှားရမ်းခြင်း၊ ရောင်းချခြင်းမှ ရရှိသည့်ငွေများ၊ အစိုးရက အခြားအဖွဲ့အစည်းများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းမှ ရရှိသည့်ငွေများ ကဲ့သို့ အလုံးအရင်းဖြင့် ရရှိတတ်သည့် ငွေလုံးငွေရင်းရငွေများ ရှိသည်။ သာမန်ရငွေ အမျိုးအစားများဖြစ်သည့် အခွန်၊ ထည့်ဝင်ကြေး၊ အခွန်တော်နှင့်အခငွေများ၊ ထောက်ပံ့ကြေးနှင့် အလှူငွေများနှင့် အခြားရငွေများလည်း ရှိသည်။ သို့သော် အားအကိုးရဆုံးနှင့် သေချာပေါက်ရမည့် ဇာစ်မြစ်မှာမူ သာမန်ရငွေအမျိုးအစားထဲရှိ အခွန်ပင် ဖြစ်သည်။ ထို့ကြောင့် အစိုးရများအနေဖြင့်အခွန်ကောက်ခံခြင်းအပေါ်တွင် လွန်စွာ အရေးထားကြခြင်း ဖြစ်သည်
ဤသို့ဆိုသောကြောင့် အစိုးရတစ်ရပ်သည် ရငွေရရှိရေးအတွက်သာ အခွန်ကောက်ခံနေခြင်းတော့ မဟုတ်ပေ။ နိုင်ငံအတွက် လိုအပ်သည့်အခြားရည်မှန်းချက်များလည်း ရှိနိုင်သည်။ ရငွေနှင့် မသက်ဆိုင်သော လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အခြားသောရည်မှန်းချက်များလည်း ရှိနိုင်၏။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူရစေရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်ထွန်း၍ အလုပ်အကိုင်၊ အခွင့်အလမ်းများပြားလာစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေ ရေး၊ ဝင်ငွေပြန်လည်ခွဲဝေ ဖြန့်ဖြူးနိုင်ရေး စသည့် စီးပွားရေးရည်မှန်းချက်များရှိသကဲ့သို့ ပညာရေး ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရေးအပါအဝင် ဆေးလိပ်၊ အရက် စသဖြင့်ကျန်းမာရေး ထိခိုက်စေသော အရာများကို သုံးစွဲမှုလျော့ကျစေရန်၊ ရှောင်ကြဉ်မှုရှိလာစေရန်ဟူသော လူမှုရေးရည်မှန်းချက်များလည်း ရှိသည်။
ထို့အပြင် ပြည်တွင်းလုပ်ငန်းများကို နိုင်ငံရပ်ခြားလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးရန်နှင့် တိုင်းပြည်အတွက် အကျိုးမပြုနိုင်သော လုပ်ငန်း များ လျော့နည်းသွားစေရန်ဟူသော အခြေအနေအရ လုပ်ဆောင်ရမည့်ရည်မှန်းချက်များလည်း ရှိလာနိုင်သည်။ ထို့ကြောင့် အစိုးရတစ်ရပ်သည် အခွန် ဆိုသည့် ပြည်သူ့ဘဏ္ဍာရေးကိရိယာကို အစိုးရအသုံးစရိတ် ဖြည့်ဆည်းနိုင်ရေးအတွက် သာမက နိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့် ပြည်သူများအားလုံး၏ အကျိုးစီးပွားအတွက် ကောင်းမွန် သော ရည်ရွယ်ချက်များဖြင့်အသုံးပြုနေသည်ဟု ဆိုရမည်။ ထိုသို့ ကောင်းမွန်သော ရည်ရွယ်ချက် များဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော်လည်း အသုံးပြုနည်းမမှန်ကန်ပါက ရည်ရွယ်ချက်များ အထမမြောက်၊ မအောင်မြင်နိုင်ပေ။
ကိစ္စအဝဝ ပွင့်လင်းမြင်သာမှုရှိစေရမည်
အခွန်ကောက်ခံမှုတွင် နည်းမှန်လမ်းမှန် မည်သို့လုပ်ဆောင်ကြမည်နည်း။ ကျင့်သုံးသည့်အခွန်စနစ်၊ အခွန်ဥပဒေများ၊ အခွန်အမျိုးအစားများ၊ အခွန်နှုန်းထား တွက်ချက်မှုများနှင့်ပတ်သက်၍ သည်နိုင်ငံသားများ သဘော ပေါက်လွယ်ရမည်၊ နိုင်ငံသားတိုင်း လိုက်နာချင်စိတ် ဖြစ်ပေါ်လာသည့် အခြေ အနေမျိုးလည်း ဖြစ်ရမည်၊ လိုအပ်ပါက ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိရမည်၊ အခွန်နှင့်ပတ်သက် သမျှ ကိစ္စအဝဝ ပွင့်လင်းမြင်သာမှုရှိစေရမည်ဟူသော အခြေခံအချက်များလည်း ရှိသည်။ အခွန်ကောက်ခံမှုသည် ပေးနိုင်စွမ်းရှိမှုအပေါ်မူတည်၍ တရားမျှတမှုရှိစွာ ကောက်ခံရမည်။ အခွန်သဘောသဘာဝကိုတိတိကျကျ သေချာသိရှိနေရမည်၊ အခွန်ထမ်း ပြည်သူများနှင့် အခွန်ကောက်ခံသူများအကြားတွင် လုပ်ငန်းလုပ်ဆောင်မှု အဆင်ပြေမှု ရှိနေရမည်၊ အခွန် ကောက်ခံရာတွင် ကုန်ကျစရိတ်များပြားခြင်း မဖြစ်စေရဟူသော အခွန်ကောက်ခံခြင်း အခြေခံမူများ လည်းရှိသည်။
အခွန်ကောက်ခံခြင်းဆိုင်ရာ အခြေခံများတွင် ကွဲပြားခြားနားသော အယူအဆ၊ တွေးခေါ်မှုများ ပါဝင်နေသော်လည်း အားလုံးသည် ထိရောက်သော အခွန်ကောက်ခံစနစ်ကို ဦးတည်နေကြခြင်း ဖြစ်သဖြင့် လိုက်နာဆောင်ရွက်သင့်သည်ချည်းဖြစ်သည်။ အစိုးရတစ်ရပ်အနေဖြင့် ၎င်းတို့၏ စီးပွားရေး အဆောက်အအုံအတွင်းရှိ ကုန်ထုတ်စွမ်းအားစုများ အခြေအနေ၊ ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေအဆင့်အတန်းစသည့် မေခရိုစီးပွားရေး အခြေအနေများကို ကျယ်ပြန့်စွာ ထည့်သွင်းစဉ်းစား၍ ချင့်ချိန်လိုက်နာ ဆောင်ရွက်ရန်သာ ဖြစ်သည်။
အခွန်ကောက်ခံခြင်းနှင့်ပတ်သက်၍ ပညာရှင်များ၊ သုတေသီများ အတွေးအခေါ်၊ အယူအဆများကို လေ့လာ၍ အပြောလွယ်၊ အလုပ်ခက်သည့်အရာများအဖြစ် တွေ့ရသော်လည်း လျစ်လျူရှုထား၍မရ၊ နိုင်ငံတစ်နိုင်ငံရပ်တည်နိုင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့်ကိစ္စ ဖြစ်သည်။ မည်သူက စတင်အကောင်အထည်ဖော် လုပ်ဆောင်ရမည်၊ နိုင်ငံကို တာဝန်ယူ စီမံအုပ်ချုပ် လုပ်ကိုင်နေသည့် အစိုးရကသာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပေသည်။ အခွန်ကောက်ခံခြင်း ကိစ္စကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အခွန်နှင့်ပတ်သက်သမျှ အခြေအနေ အားလုံးကိုပြည်သူလူထု ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှုမှာ အခြေခံအကျ ဆုံးဖြစ်ပြီး ထိုအလုပ်နှင့်ပတ်သက်၍ တာဝန်အရှိဆုံးမှာ အစိုးရကိုယ်စား အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် အဖွဲ့အစည်းဖြစ်သည်။ ထိုအခြေ အနေကို အကောင်အထည်ဖော်နိုင်စွမ်းရှိမှုအပေါ်မူတည်၍ ပြည်သူတို့၏ အခွန်နှင့်ပတ်သက်၍ ကောင်းစွာနားလည်သဘောပေါက်မှု ရှိ၊ မရှိ၊ အခွန်ပေး လိုမှု စိတ်ဆန ́ဖြစ်ပေါ်မှု ရှိ၊ မရှိနှင့် အစိုးရ၏ အခွန်ကောက်ခံရရှိမှု ရလဒ်ကောင်း၊ မကောင်း စသည့် ရလဒ်အမျိုးမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိ
ကမ္ဘာပေါ်တွင် အခွန်နှင့် သေခြင်းတရားကို မည်သူမျှ ရှောင်လွှဲနိုင်စွမ်းရှိမည်မဟုတ်ဆိုသည်ကို ယနေ့ခေတ်ကာလ နိုင်ငံသားအားလုံးနီးပါး ကောင်းစွာ သဘောပေါက်၏။ အုပ်ချုပ်သူအစိုးရမင်းတို့က ၎င်းတို့တာဝန်ယူအုပ်ချုပ်နေသည့်နိုင်ငံ သာယာဝပြောရေး၊ စီးပွားရေး၊ လူမှုရေးအခြေ အနေများ ကောင်းမွန်ရေးအတွက် အားထုတ်လုပ်ကိုင်ဆောင်ရွက်ရာ၌ လိုအပ်သော အသုံးစရိတ်များအတွက် ပြည်သူလူထုက ထည့်ဝင်ပေးရသည့် ငွေကြေးဟုလည်း နားလည်ကြ၏။ ပြည်သူကအစိုးရထံသို့ ငွေကြေးထည့်ဝင်၍ အစိုးရက ပြည်သူအတွက် ဝန်ဆောင်မှုပြန်လည်ဖြည့်ဆည်း ပေးရသဖြင့် တစ်ဖက်သတ်မဟုတ်ဘဲ အပြန်အလှန်သဘောဟုလည်း နားလည်နိုင်၏။ နိုင်ငံတစ်နိုင်ငံ၏ ပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံသားတိုင်းသည် ဥပဒေအရ အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် အခွန်ဆိုင်ရာဥပဒေများကို လိုက်နာထမ်းဆောင်ရန် “အသင့်ရှိဟု”သာ ဆိုရပေမည်။
သို့သော် ...။ အခွန်ကောက်ခံခြင်းကို အစိုးရကိုယ်စား တာဝန်ယူလုပ်ဆောင်ရမည့် အခွန်အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် အခွန်ဆိုင်ရာ အယူအဆသဘောတရားများ၊ စီးပွားရေးအဆောက်အအုံအတွင်း ကုန်ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်းများ ထွန်းကားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြေအနေများ အပါအဝင် မေခရိုစီးပွားရေးအခြေအနေများကို နားလည်သဘောပေါက်မှုနှင့်အတူ ပါဝင်ပတ်သက်နေရသည့် စာရင်းကိုင်များ၊ စာရင်းစစ်များ၊ အခွန်ကောက်ခံသူ ဝန်ထမ်းများနှင့် အခွန်အရာရှိများ၏ လစာဝင်ငွေ၊ လူနေမှုအဆင့်အတန်းတို့ကို ထည့်သွင်းစဉ်းစားပေးနိုင်မှုနှင့်ကိုယ်ကျင့်တရားကောင်းမွန်စေရန် ထိန်းကျောင်းပေးနိုင်မှုတို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဆွေးနွေး၊ ရေးဆွဲထားသည့် အခွန်စနစ်အောက်တွင် ပြည်သူအများ လိုက်နာကျင့်သုံးနိုင်သည့် အခွန်ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်ရမည်။ တစ်ချိန်တည်းမှာပင် တရားစီရင်ရေးကဏ္ဍနှင့် တရား ဥပဒေစိုးမိုးမှု ထိန်းကျောင်းနေသော အဖွဲ့အစည်းများ၏ ထိထိရောက်ရောက်ပံ့ပိုးပေးမှုကိုလည်း ရရှိနေရမည် ဖြစ်သည်။
- ကောက်ခံနေသော အခွန်သည် တရားမျှတမှု ရှိခဲ့ပါလျှင်၊
- ကောက်ခံနေသောအခွန်နှင့်ပတ်သက်၍ အခွန်ထမ်းပြည်သူနှင့်အခွန်စည်းကြပ်ကောက်ခံသူဝန်ထမ်း နှစ်ဦးနှစ်ဖက်စလုံး ကောင်းစွာ သဘောပေါက်ခဲ့ပါလျှင်၊
- ပြည်သူများနှင့် အခွန်အာဏာပိုင် အဖွဲ့အစည်းတို့အကြား အခွန်စည်း ကြပ်ကောက်ခံခြင်း၊ အခွန်ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တို့အဆင်ပြေ ချောမွေ့ခဲ့ပါလျှင်၊
- အခွန်ကောက်ခံရာ တွင် သုံးစွဲရသည့် ကုန်ကျစရိတ် ကြီးမြင့်ခြင်း မရှိခဲ့ပါလျှင်
ရိုးရိုးရှင်းရှင်း နားလည်နိုင်သော အခွန်အခြေခံမူဟုခေါ်နိုင်သည့်အချက်များနှင့် ကိုက်ညီမှုရှိခဲ့လျှင်ပင် နိုင်ငံအတွက် အထောက်အကူရစေနိုင်သည့် အခွန်စနစ်ဟု ဆိုနိုင်ပေမည်။ ထိုအခြေအနေမျိုး အောက်တွင်အခွန်စနစ်အထောက်အပံ့ဖြင့် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး အခြေအနေကောင်းများကို ဖန်တီးနိုင်စွမ်း ရှိနေပေလိမ့်မည်။ အခွန်ထမ်းပြည်သူတို့သည်လည်း အခွန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စောဒကတက်ရန်စိတ်ကူးပင်ရှိကြလိမ့်မည် မဟုတ်ပေ။