နေပြည်တော် ၂၄ ဖေဖော်ဝါရီ

 

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က သံတွဲမြို့ ငပလီကမ်းခြေတွင် ကျင်းပခဲ့သည်။ ရခိုင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဦးတည်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ မြှင့်တင်ပေးနိုင်ရေး၊ ဒေသတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များကိုအလားအလာရှိသည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ပေးနိုင်ရေးတို့သည် ပြပွဲကျင်းပရသည့် ရည်ရွယ်ချက်ဖြစ်သည်။

 

တည်နေရာ အချက်အချာကျမှု၊ သဘာဝသယံဇာတများ၊ ရေမြေ အနေအထား စသည်ဖြင့် အခြေအနေ ကောင်းများ ပိုင်ဆိုင်ထားသည့်ရခိုင်ပြည်နယ်သည် လက်ရှိအခြေအနေတွင် နိုင်ငံအတွင်း အဆင်းရဲဆုံး ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်နေရသည်။ ထို့ပြင် ပြည်နယ်မြောက်ပိုင်းမှ ပ ဋိပက္ခနှင့် ပြဿနာတို့ကသာ နိုင်ငံတကာမျက်နှာစာတွင်အပြစ်တင်စရာ၊ ရှုတ်ချစရာ၊ လက်ညှိုးထိုးစရာအဖြစ် ပုံဖော် ခံထားရပြီး ပံ့ပိုးကူညီပေးရေးထက် အကျပ်ကိုင် ဖိအားပေးခြင်းကဲ့သို့သော နည်းလမ်းကိုသာ ကျင့်သုံးနေခြင်းက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် အခက်အခဲ အဟန့်အတားများ ကိုဖြစ်ပေါ်စေသည်။

 

စင်စစ်အားဖြင့် ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်း ကြုံတွေ့နေရသည့် ပြဿနာများစွာတို့၏ အဓိက အကျဆုံးရေသောက်မြစ်မှာ ဆင်းရဲမွဲတေခြင်းပင် ဖြစ်သည်။ အစာအာဟာရချို့တဲ့သူတစ်ယောက် အင်အား ချည့်နဲ့လာသည့်အခါ ကိုယ်ခံစွမ်းအားလည်းကျဆင်းပြီး ရောဂါပေါင်းစုံဝင်ရောက်လာသကဲ့သို့ဟုပင် ဆိုရမည်။ ဆင်းရဲချို့တဲ့မှု၏ နောက်မှပြဿနာ များစွာတို့လည်း ကပ်ပါလာသည်။ ဖွံ့ဖြိုးတိုးတက်ခြင်းကသာ သာယာ ဝပြောခြင်းနှင့် တည်ငြိမ်အေးချမ်းခြင်းတို့ကို ဆောင်ကြဉ်းပေးနိုင်မည်။ ဝေဖန်ပြစ်တင်ခြင်းနှင့် ဖိအား ပေးခြင်းတို့သည် ရခိုင်ပြည်နယ်မှ ပြဿနာ များ၏အဖြေ မဟုတ်မှန်း မြန်မာနိုင်ငံ၏ မိတ်ဆွေစစ် မိတ်ဆွေမှန်နိုင်ငံတို့က သိနားလည်ကြသလို ပံ့ပိုးကူညီမှုလည်း ပြုကြသည်။ ယင်းသို့အားဖြင့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ (၂၀၁၉)သည် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) ၊ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း (JETRO) ၊ Myanmar Survey Research Co.,Ltd. (MSR) နှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ ပံ့ပိုးကူညီမှုအားဖြင့် ကျင်းပနိ်ုင်ခဲ့ခြင်းဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာ ကောင်းများကလည်း စောင့်မျှော်လျက်ရှိရာ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေနှင့်အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်း၊ အဝတ်အထည်နှင့် အထည်အလိပ်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ၏ အလားအလာကောင်းများ ဖော်ဆောင်နိုင်မှုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပြည်နယ် ရင်းနှီး မြှုပ်နှံမှုပြပွဲ(၂၀၁၉) ဖွင့်ပွဲနေ့က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြား သွားခဲ့ပြီးဖြစ်သည်။

 

ငပလီကမ်းခြေတွင် ကျင်းပခဲ့သည့် အဆိုပါပြပွဲသို့ မြန်မာနိုင်ငံနှင့်ချစ်ကြည်ရင်းနှီးသော နိုင်ငံများဖြစ်သည့် အိန္ဒယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းတို့မှ ကိုယ်စားလှယ်များလည်း အများအပြားတက်ရောက်ခဲ့ကြရာ ရခိုင်ပြည်နယ်၏ ပကတိအရှိတရားများနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းတို့ကို ကိုယ်တိုင်မြင် သိနား လည်သွားနိုင်ကြမည်ဖြစ်သည်။ ရခိုင်ပြည်နယ်၏ စီးပွားရေးအလားအလာကောင်းများပေါ်တွင် ရင်းနှီး မြှုပ်နှံမှုပြုခြင်းက ဒေသခံပြည်သူများနှင့် ရင်းနှီးမြှုပ်နှံမှုပြုသူများ အတွက်သာမက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကိုပါ အရှိန်အဟုန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း