အခွင့်အလမ်းများ ခိုင်ခိုင်မာမာ

၂၇ မတ်

 

အဂတိလိုက်စားမှုများကို ကိုယ်တွေ့ ကြုံခဲ့ကြရသူများက တိတိကျကျ ခိုင်ခိုင်မာမာ တိုင်ကြားကြသည့်အတွက် လက်တွေ့ကျကျ အရေးယူဆောင်ရွက်သည့် သတင်းများကို မီဒီယာများတွင် မိမိတို့တွေ့ မြင်ကြားသိခဲ့ကြရပြီးဖြစ်သည်။

 

ရာထူးတာဝန်နှင့် လုပ်ပိုင် ခွင့်များကို အလွဲသုံးစားပြုကာ အဂတိလိုက်စားမှုများကို ပြုလုပ်ကြသည့် အကျင့်ပျက် ဝန်ထမ်းများကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် နည်းလမ်းတကျ တိုင်ကြားနိုင်ရန်လည်း အခွင့်အလမ်းများ ရှိပြီးဖြစ်သည်။ အကျင့်ပျက်ဝန်ထမ်းများ၏ အဂတိလိုက်စားမှုများအား သက်ဆိုင်ရာဌာနကိုပင်ဖြစ်စေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုဖြစ်စေ တိုင်ကြားကြခြင်းဖြင့် ကာယကံရှင်များအတွက် နစ်နာမှုများကို ကုစားနိုင်မည် ဖြစ်သည်။

 

အဂတိလိုက်စားမှုကြောင့် နစ်နာသူသည် အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လုပ်ပိုင်ခွင့်အာဏာရှိသူတစ်ဦးဦး အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့်စပ်လျဉ်း၍ဖြစ်စေ သတ်မှတ်ချက်နှင့်အညီ တိုင်ကြားနိုင်ကြောင်း သိနားလည်ထားရမည် ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာကို ပေးပို့ရာတွင် “သို့- ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အုပ်စု (၁) ၊ အားကစားလေ့ကျင့်ရေးစခန်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်” ဟူ၍ လိပ်မူပေးပို့နိုင်ပြီး ကော်မရှင်ထံ မိတ္တူပေးပို့ခြင်း မပြုဘဲ တိုက်ရိုက်လိပ်မူပေးပို့ရမည်ဖြစ်သည်။

 

တိုင်ကြားစာတွင် တိုင်ကြား သူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ ဆက်သွယ် ရန် လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်တို့ ပါဝင်ရန် လိုအပ်သည်။ မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင်စသည့် အရေးကြီးသော သက်သေခံချက်များရှိကြောင်း ဖော်ပြနိုင်ရမည်ဖြစ်ပြီး ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် တမင်ပြုလုပ်တိုင်ကြားခြင်းမျိုးကိုမူ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉ အရ အရေးယူခံရနိုင်သည့်အတွက် ရှောင်ကြဉ်ကြရမည် ဖြစ်သည်။

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ရောက်ရှိလာသည့် တိုင်ကြားစာများကို ဖွင့်ဖောက်စစ်ဆေးပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်ကိုက်ညီမှု ရှိ မရှိ စိစစ်ခြင်း၊ ဥပဒေနှင့် ကိုက်ညီမှုရှိပါက စစ်ဆေးဆောင်ရွက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သည်။ ဥပဒေနှင့်ကိုက်ညီမှုမရှိသည့် တိုင်ကြားစာများကိုမူ မှတ်တမ်းတွဲခြင်း၊ အချို့တိုင်ကြားစာများမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် မကိုက်ညီသော်လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူရမည့် ကိစ္စများဖြစ်ပါကသက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းထံတိုင်ကြားစာကို ဥပဒေနှင့်အညီ လွှဲပြောင်းပေးပို့ခြင်းတို့ကို ဆောင်ရွက်သည်။ ကော်မရှင်သည် ရောက်ရှိလာသည့် တိုင်ကြားစာများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးပြီး စုံစမ်းစစ်ဆေးသည့် ရလဒ်များကို နိုင်ငံပိုင်သတင်းစာများနှင့်ကော်မရှင် website(www.accm.gov. mm)  တွင် ထည့်သွင်းဖော်ပြလျက်ရှိသည်။

 

မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့သည်မှာ အစိုးရသက်တမ်းနှစ်ဆက်သို့ ရောက်ရှိခဲ့ပြီး ကာလအားဖြင့် ခုနစ်နှစ်သက်တမ်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အခွင့်အရေးများကို နားလည်စွာဖြင့် ရယူကျင့်သုံးနိုင်ကြရမည် ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ နစ်နာဆုံးရှုံးရမှုများ၊ အဂတိလိုက်စားမှုဆိုင်ရာ နစ်နာ ဆုံးရှုံးရမှုများ စသည်တို့အတွက် သက်ဆိုင်ရာကော်မရှင်များထံ နည်းလမ်းတကျ တိုင်ကြားကြခြင်းဖြင့် မိမိတို့၏ နစ်နာဆုံးရှုံးမှုများကို ကုစားရန် အခွင့်အလမ်းများ ထင်ထင်ရှားရှား ခိုင်ခိုင်မာမာဖော်ဆောင်ထားပြီး ဖြစ်သည်ကို အခါခပ်သိမ်း သတိချပ်နိုင်ကြပါစေကြောင်း။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)